နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်ကြောင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းအတွက် ဖြေရှင်းရန် နယ်သာလန်နိုင်ငံကို ရောက်ရှိနေပါတယ်။ ဒီအမှု အတွက် ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး သည်ဟိသ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ စစ်ဆေးခဲ့ပါတယ်။
အမှု ရင်ဆိုင်ဖြေရှင်းနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း မြန်မာ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံက အားပေးထောက်ခံပွဲတွေ ပြုလုပ်ခဲ့ကြသလို အဆိုတော် လိမ္မော်သီးနဲ့ မော်ဒယ် Dee တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည် ထောက်ခံတယ်လို့ ဧရာဝတီကို ပြောပါတယ်။
အဆိုတော် လိမ္မော်သီး
“ကျမတို့ကတော့ အမေစုကို ထောက်ခံအားပေးတာမျိုး လုပ်နိုင်ရမှာပေါ့။ အရင်ကလည်း ကျမ ပါတီအောင်နိုင်ရေးအတွက် သီချင်းတွေ ဆိုပေးခဲ့တယ်။ လုပ်ပေးခဲ့တယ်။ အခုချိန်ထိလည်း အမေ့ကို လေးစားတယ်၊ ထောက်ခံတယ်။ ဘာလို့လဲဆိုတော့ ချစ်လို့၊ လေးစားလို့ပါ။ တရားစွဲဆိုခံရတယ်။ သွားရောက် ဖြေရှင်းတာ အမေစုဖြစ်တယ်၊ ပညာတတ်ဖြစ်တယ်။ ဘာသာပြန်တွေတောင် မလိုဘဲ ကိုယ့် ဘာသာ အင်္ဂလိပ်လို တိုက်ရိုက်ပြောနိုင်တဲ့သူလည်း ဖြစ်တယ်”
“ကျမတို့နိုင်ငံမှာ အေးအေးဆေးဆေးပဲ နေကြတာ။ ဘာသာကြီးတွေရဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ လူတွေကပဲ မငြိမ်းချမ်းအောင် လုပ်နေတယ်လို့ မြင်တယ်။ အမေ ထောက်ပြတာတွေ၊ ပြောတာတွေကို သဘောကျတယ်။ အားလည်း အားပေးတယ်။ ရလဒ်ကောင်း ရလိမ့်မယ်လို့ ယုံကြည်တယ်။ အမေစုကျန်းမာပြီး အသက်ရှည်စေချင်သေးတယ်”လို့ အဆိုတော် လိမ္မော်သီးက ဧရာဝတီကို ပြောပါတယ်။
မော်ဒယ် Dee
“အမေစုက နယ်သာလန်မှာ ဒီးတို့ နိုင်ငံအတွက် ခေါင်းခံရတယ်။ အရမ်း စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းမိတယ်။ အမေစုအတွက် ထောက်ခံ ရပ်တည်ပေးတာပေါ့။ အမေစုက ဒီးတို့ နိုင်ငံအတွက် နိုင်ငံ့ခေါင်းဆောင်ကောင်း တယောက်ပါ။ ဒီးတို့က ဘာမှ မလုပ်ပေးနိုင်ဘူး။ နိုင်ငံသားအဖြစ်နဲ့ ထောက်ခံတာကလွဲလို့ ကျန်တာ ဘာမှ မလုပ်ပေးနိုင်လို့ အရမ်းဝမ်းနည်းရတယ်။ သူ့အသက်အရွယ်နဲ့ ပြည်သူတွေအတွက် လုပ်ပေးလို့ ကျေးဇူးလည်း အရမ်းတင်တယ်”လို့ မော်ဒယ် Dee က ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ဖြေရှင်းနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့ ထောက်ခံပွဲများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအဝင် အခြားမြို့များမှာလည်း ပြုလုပ်လျက် ရှိပါတယ်။
You may also like these stories:
“အသက်ရှင်မယ့်သူ” အခွေထွက်ဖို့ ၅ နှစ်လောက် အချိန်ယူခဲ့ရတဲ့ အဆိုတော် လိမ္မော်သီး
ဘယ်သွားသွား ပရိသတ်တွေ သိစေချင်လို့ The Model Academy ပြိုင်ပွဲဝင်ပြိုင်ခဲ့တာလို့ မော်ဒယ် Dee ပြော