Lesbian စုံတွဲအဖြစ် မကြာခင်ကမှ ပရိသတ်များသိရှိသွားခဲ့တဲ့ အဆိုတော်ဂေဂေးနဲ့ အလှမယ် ဆွေဇင်ထက်တို့ချစ်သူ ၂ဦးကတော့ ချစ်သူသက်တမ်း ၃နှစ်ကျော်ကြာလာပြီဖြစ်တဲ့အတွက် ရှေ့ဆက်လို့ရတဲ့အထိ ရှေ့ဆက်သွားဦးမယ်လို့ ဂေဂေးကပြောပါတယ်။
“တယောက်နဲ့ တယောက် နားလည်မှုရှိမယ်။ ပြီးတော့ ရှေ့ဆက်လို့ရနေဦးမယ်ဆိုရင် ရှေ့ဆက်မှာပေါ့နော်။ ဒါက အမြဲတမ်းကြီး တသမတ်တည်းပြောလို့ရတဲ့ ကိစ္စထဲမှာ မပါဘူးဆိုတော့ ဘာမှတော့ အခုအချိန်မှာပြောလို့မရဘူး။ ၃နှစ်တာကာလကို နားလည်မှုရှိရှိနဲ့ရှေ့ဆက်ခဲ့တယ်။ ဆိုတော့ နောက်ပိုင်းလည်း ဒီတိုင်းပဲ ဆက်သွားမယ်။ ရေရှည်ရှေ့ဆက် လို့ရမှာပါ” လို့ အဆိုတော် ဂေဂေးကပြောပါတယ်။
သူတို့ ၂ဦးချစ်သူတွေဖြစ်နေတဲ့အကြောင်းကိုတော့ ဆွေဇင်ထက်က Miss Universe 2019 ပြိုင်ပွဲပြိုင်နေစဉ်အတွင်း မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာမှ သိရှိသွားခဲ့တာဖြစ်ပြီး အခုလိုပြောဖြစ်ဖို့အတွက်လည်း စိန်ခေါ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
“အစကတော့ စိန်ခေါ်မှုတွေ အများကြီးရှိခဲ့တာပေါ့။ ဒီကိစ္စကြီးက လူတွေအများကြီးသိသွားရင် အနုပညာအလုပ်ရော ဆက်လုပ်လို့ အဆင်ပြေပါဦးမလား။ လူမှုအသိုင်းအဝိုင်းမှာရော ဂေးတို့ကို ဘယ်လိုမျိုးတွေ လှောင်ပြောင်ကြမှာလဲ။ နှိမ်ချကြမှာလဲ ပြောရမယ်ဆိုရင်တော့ LGBT ဆိုတာလည်းလူတွေပဲလေ လူတွေနဲ့တန်းတူ အချိန်တန်ရည်းစားတွေ ထားကြတယ်”
“ ချစ်သူတွေထားကြတယ်။ ဒီလောက်ပဲဆိုတာမျိုးကို ခံယူပြီးတော့ ဒီလိုကိစ္စမျိုးကိုပြောလိုက်။ အများကြီးမဟုတ်ရင်တောင် ဂေးတို့ ၂ယောက်အားနဲ့ အထောက်အကူလေးဖြစ်သွားရင် ကျေနပ်ပါပြီ” လို့ ဂေဂေးကပြောပါတယ်။
ပြိုင်ပွဲပြိုင်နေစဉ်မှာလည်း ချစ်သူကို စိုးရိမ်မှုတွေဖြစ်ခဲ့ပေမယ့် အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“စိုးရိမ်စိတ်တော့ရှိတာပေါ့။ သူတယောက်တည်းလည်း သွားရတယ်။ ဟိုမှာ သူ့ကိုကူလုပ်ပေးမယ့်သူတွေ ဘာတွေလည်း မရှိဘူး။ သူတယောက်တည်း ဒီကနေသွားတဲ့အချိန်မှာ ဟိုရောက်တော့မှပဲ ဂေးတို့အကုန်လုံးစိတ်အေးရတယ်။ Organization ကအစ်မတို့ရောအကုန်လုံးပဲ”
“ ပြန်လာတော့လည်း စိတ်တွေပူပေးနေရတာ တယောက်တည်း ဘယ်တွေလျှောက်ရောက်နေပြီလဲဆိုတာ စိတ်ပူပေး နေရတာ။ ဟိုရောက်တော့လည်း သူ့ဟာနဲ့အဆင်ပြေတာပါပဲ။ အခုတော့ အရမ်းတော်တယ်လို့ ချီးကျူးရတာပါပဲ။ အရမ်းတော်ပါတယ်” လို့ ဂေဂေးက ပြောပါတယ်။
အလှမယ် ဆွေဇင်ထက်ရဲ့ အားနည်းချက် အားသာချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“သူကတော့ မကောင်းတဲ့အချက်ဆိုရင် တခုခုလုပ်ပါလုပ်ပါဆိုရင် မလုပ်ချင်ဘူး။ ဒါပေမယ့် သူစိတ်ပါရင်တော့ ကောင်းကောင်းလေး ကြိုးစားပြီးလုပ်တယ်။ ခိုင်းရတာ တော်တော်ခက်တယ်။ ပြောရ တော်တော်ခက်တယ်။ ဒါပေမယ့် လုပ်တော့လုပ်တယ်” လို့ ဂေဂေးက ပြောပါတယ်။
သူတို့ ၂ဦးရဲ့အကြောင်းကိုတော့ မိဘတွေကလည်း နားလည်ခွင့်လွှတ်ပေးတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာလည်း LGBT နဲ့ပတ်သက်တဲ့ကိစ္စရပ်များမှာ ပါဝင်သွားမှာဖြစ်ပြီး ရှိသမျှအင်အားများနဲ့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“နောက်ပိုင်း LGBT နဲ့ ပတ်သက်တဲ့ပွဲတွေလည်း ရှိလာမှာပဲ။ အဲ့အခါကျရင် ဒီအသိုင်းအဝိုင်းထဲက လူသား ၂ယောက် အနေနဲ့ပါဝင်ဖြစ်မယ်။ ဂေးတို့ ၂ယောက်ရဲ့ရှိသမျှအားလေးနဲ့ အရာထင်သွားအောင် ကြိုးစားမှာပါ” လို့ ဂေဂေးက ပြောပါတယ်။
အဆိုတော်ဂေဂေးနဲ့ Miss Universe Myanmar အလှမယ်ဆွေဇင်ထက်တို့ကိုတော့ ဝေဖန်နေကြသူများရှိသလို LGBT အသိုင်းအဝိုင်းကတော့ လက်ခံကြိုဆိုလျက်ရှိပါတယ်။
You may also like these stories:
“LGBT ကို ခုတုံးလုပ်တယ်”ဆိုတဲ့ ဝေဖန်မှုတွေအပေါ် အလှမယ် ဆွေဇင်ထက် ဘာပြောလဲ
လိင်တူချစ်သူဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ အလှမယ် ဆွေဇင်ထက်ကို ချီးကျူးလိုက်တဲ့ ဂျက်ဆီကာဒါဒါ
လိင်တူချစ်သူတဦးအဖြစ် ဝန်ခံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မယ်စကြာဝဠာ အလှမယ် ဆွေဇင်ထက်