Netflix ကနေ ထုတ်လွှင့်ခဲ့တဲ့ “It’s the End of the F—ing World” စီးရီးဖန်တီးရှင် ဒါရိုက်တာ Jonathan Entwistle ဟာ Paramount ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စီစဉ်မှုနဲ့ “Power Rangers” ရုပ်ရှင်အသစ်ကို ဖန်တီးဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
မူရင်းရုပ်ရှင်ကိုပဲ ပြန်လည် ဆန်းသစ်ရိုက်ကူးမယ့် ပရောဂျက်ကို ကိုင်တွယ်ဖို့ ဒါရိုက်တာ Entwistle နဲ့စေ့စပ် ညှိနှိုင်းမှုတွေ ပြုလုပ်နေတာဟာ ကနဦးအဆင့်မှာ ရောက်ရှိနေပြီလို့ သိရပါတယ်။
“Power Rangers” စီးရီးကို ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ရုပ်သံလိုင်းတွေကနေ ပြသခဲ့ပြီး “The Mighty Morphin Power Rangers” ဆိုတဲ့နာမည်နဲ့ ဂျပန် ကလေးကြိုက်အစီအစဉ်မှာ အသုံးပြုပြသခဲ့တာ ဖြစ်ပါတယ်။
မူရင်းရုပ်ရှင်မှာတော့ ကလေးအဖွဲ့တခုကနေ အရောင်တွေနဲ့ သက်ဆိုင်တဲ့ ဝတ်စုံတွေနဲ့အတူ စူပါဟီးရိုးတွေ ဖြစ်ခဲ့ကြပုံကို ပုံဖော်ထားပါတယ်။ ပထမဆုံးစီးရီးကို Fox Kids ရုပ်သံလိုင်းကနေ ပြသခဲ့ပြီး ပထမဆုံးရုပ်ရှင်ကိုတော့ ၁၉၉၅ ခုနှစ်မှာ ရုံတင်ပြသခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ Lionsgate ဟာ မူရင်းရုပ်ရှင်ကိုပဲ အသစ်တဖန် ဖန်တီးထားတဲ့ ဇာတ်လမ်းကို ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ကုန်ကျစရိတ် ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်ရှိခဲ့ပေမယ့် ဒေါ်လာ ၁၄၂ သန်းပဲ ဝင်ငွေ ပြန်ရခဲ့တာကြောင့် နောက်ဆက်တွဲရုပ်ရှင်တွေ ထပ်ရိုက်မယ့် အစီအစဉ်တွေဟာလည်း ပျက်ပြယ်ခဲ့ရပါတယ်။
အခုတော့ Paramount ကနေပဲ “Power Rangers” ရုပ်ရှင်ကို အသစ်တဖန် ဖန်တီးဖို့ ကြိုးပမ်းနေပြီး နောက်ဆက်တွဲ ဇာတ်လမ်းတွေပါ ဖန်တီးဖို့ရှိနေတယ်လို့ ဆိုပါတယ်။
အခုဖန်တီးမယ့် ဇာတ်လမ်းအသစ်မှာတော့ ပါဝင်တဲ့ ဇာတ်ကောင် ကလေးငယ်တွေကို ၁၉၉၀ ပြည့်လွန်နှစ်တွေဆီ ပြန်ခေါ် သွားမယ့် အချိန်နောက်ပြန် ခရီးသွား ပုံစံမျိုး ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။ အဲ့ဒီနောက် အတိတ်ဟောင်းကို ရောက်သွားတဲ့ကလေးတွေက လက်ရှိပစ္စုပ္ပန်ကို ပြန်လာဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။
“Peter Rabbit 2: The Runaway” ရဲ့ဇာတ်ညွှန်းဆရာ Patrick Burleigh က အခုဇာတ်လမ်းကို ဇာတ်ညွှန်း ရေးသားပေးမယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပါဝါရိန်းဂျား ဖန်တီးရှင် Haim Saban ထံကနေ ပိုင်ဆိုင်မှု ဝယ်ခဲ့တဲ့ Hasbro ရဲ့ ရုပ်ရှင်ဌာနခွဲ Allspark Pictures က နေတဆင့် ရုပ်ရှင်ကိုထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။
Ref: hollywoodreporter
You may also like these stories:
ကြောင်နဲ့ကြွက် ကာတွန်းကို Warner Bros. က ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည်
“The Irishman” ရုပ်ရှင်ကို ဖုန်းနဲ့ မကြည့်ဘဲ iPad နဲ့ ကြည့်ဖို့ ဒါရိုက်တာ Martin Scorsese တိုက်တွန်း
“Planet of the Apes” ရုပ်ရှင်သစ် ရိုက်ကူးရေး Disney မှာ ပြုလုပ်နေပြီ