Entertainment

ရုံဝင်ငွေ ဒေါ်လာ သန်း ၆၀ နဲ့ ပွဲထွက်လာခဲ့တဲ့ “Jumanji: The Next Level” ရုပ်ရှင်

အနောက်တိုင်းရဲ့ ခရစ်စမတ်ကာလ ပိတ်ရက် မတိုင်ခင် တပတ်အလိုမှာ စတင်ရုံတင်ပြသခဲ့တဲ့ Sony ရဲ့ စွန့်စားခန်းရုပ်ရှင် “Jumanji: The Next Level” ဟာ “Frozen 2” ရုပ်ရှင်ကို ကျော်တက်သွားပါတယ်။

“Frozen 2” ရုပ်ရှင်ဟာ ရုံဝင်ငွေ စာရင်း ထိပ်ဆုံးမှာ သီတင်း ၃ ပတ်ကြာ ရပ်တည်နေခဲ့တာ ဖြစ်ပေမယ့် အခုဆိုရင်တော့ “Jumanji: The Next Level” ရုပ်ရှင်က ဝင်ငွေဒေါ်လာ သန်း ၆၀ ဒဿမ ၁ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါပြီ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ “Jumanji: Welcome to the Jungle” ရုပ်ရှင်ဟာ အဖွင့်ဝင်ငွေ ဒေါ်လာ ၃၆ သန်းသာ ရရှိခဲ့တာကြောင့် အခု ဒုတိယမြောက် ရုပ်ရှင်ဟာ အဖွင့်လှတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလအတွင်းမှာ ရုံတင်ခဲ့တဲ့ ဟာသ ဇာတ်မြူးရုပ်ရှင်တွေထဲမှာ အဖွင့်ဝင်ငွေအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာပဲ Warner Bros ရဲ့ “Richard Jewell” ရုပ်ရှင်နဲ့ Universal ရဲ့ “Black Christmas” ရုပ်ရှင်တို့ အပြိုင်အဆိုင် ရုံတင်လာခဲ့ကြပါတယ်။ အဲ့ဒီရုပ်ရှင် ၂ ကားလုံးက အနည်းဆုံးဒေါ်လာ ၁၀ သန်းလောက် ဝင်ငွေရလိမ့်မယ်လို့ ခန့်မှန်းထားကြပေမယ့် တကယ်တော့ အဲ့ဒီရုပ်ရှင် ၂ ကားလုံး ပေါင်းတာတောင် ဝင်ငွေက ဒေါ်လာ ၁၀ သန်းအထိ မရောက်ခဲ့ပါဘူး။

ဒါရိုက်တာကြီး Clint Eastwood ရဲ့ “Richard Jewell” ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၅ သန်း ရရှိခဲ့ပြီး Eastwood ရဲ့ သမိုင်းမှာ အဆိုးအရွားဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ၁၉၉၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲ၊ ဗုံးပေါက်ကွဲမှာ ပါဝင်ခဲ့တယ်လို့ မီဒီယာတွေရဲ့ စွပ်စွဲမှုကို ခံခဲ့ရတဲ့ လုံခြုံရေးအစောင့်တယောက်ရဲ့ အကြောင်းကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က ရုံတင်ခဲ့တဲ့ “Black Christmas” ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ ၄ ဒဿမ ၄ သန်းနဲ့ နံပါတ် ၅ နေရာကနေ ပွဲဦးထွက်လာခဲ့ပါတယ်။ Disney ရဲ့ “Frozen 2” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၉ ဒဿမ ၂ သန်းရရှိခဲ့ပြီး ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။

အဲ့ဒီ အန်နီမေးရှင်း ရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာ ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိထားပြီး ဒီနှစ်အတွင်းမှာ အဲ့ဒီဝင်ငွေ ပမာဏရရှိခဲ့တဲ့ Disney ရဲ့ ဆဋ္ဌမမြောက် ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ မြောက်အမေရိကဒေသမှာတော့ ဝင်ငွေဒေါ်လာ ၃၆၆ သန်းရရှိခဲ့ပြီး ၁၁ ခုမြောက် ဝင်ငွေအကောင်းဆုံး အန်နီးမေးရှင်းရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

တတိယနေရာမှာကတော့ Lionsgate ရဲ့ “Knives Out” ရုပ်ရှင်ရှိနေပြီး ဝင်ငွေ ဒေါ်လာ ၉ ဒဿမ ၂၅ သန်း ရရှိထားပါတယ်။

Ref: reuters

You may also like these stories:

၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံးခရစ္စမတ် ရုပ်ရှင်များ

“Cinderella” ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Pierce Brosnan

Loading