Miss Universe 2019 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဆွေဇင်ထက်ရဲ့ လူအများ စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့National Costume ကို ဖန်တီးချုပ်လုပ်ခဲ့တဲ့ ဒီဇိုင်နာ ပြည့်စုံကတော့ ဒီဝတ်စုံကို ဖန်တီးခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။
“Costume ကို တီထွင်တာကတော့ ကိုယ့်ရဲ့အိပ်မက်တခုပေါ့။ ဒီမြန်မာနိုင်ငံ Miss Universe ရဲ့ NC တခုကို လုပ်ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးရှိခဲ့တယ်။ တကယ်လုပ်ခွင့်ကြုံလာပြီး ကိုယ့်အိပ်မက်ကြီး ဖြစ်လာပြီဆိုတော့ ကျနော်တို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့အတွက် ရိုးသားစွာလုပ်ကိုင်စားသောက်ကြတဲ့ စိုက်ပျိုးရေးသမားတွေကို ဂုဏ်ပြု ချင်တာရယ်၊ ကိုယ့်မြန်မာမိန်းကလေးတွေက အရမ်းကိုချစ်ဖို့ကောင်းပြီးတော့ ဖော်ဖော်ရွေရွေလေး ရှိတာကို ပြချင်လို့ Two Way လေးဖန်တီးခဲ့တာပါ” လို့ ဒီဇိုင်နာ ပြည့်စုံက ပြောပါတယ်။
ပြိုင်ပွဲ သွားမပြိုင်ခင် အချိန်အထိ ဝတ်စုံအပြည့်အစုံကိုတော့ ဖော်ပြခြင်း မရှိခဲ့ဘဲ ကျွဲအမည်းပုံစံကို အလှမယ် ဝတ်ဆင်ခဲ့တဲ့အချိန်၊ ပြခဲ့တဲ့အချိန်မှာတော့ ဝေဖန်မှုများရှိခဲ့ပါတယ်။
“ကြိုပြီး မချပြခဲ့တာက Beauty Pageant ကို အားပေးတဲ့သူကျ ဘယ်လောက်ပဲကောင်းအောင် လုပ်ထား လုပ်ထား ကိုယ့်အတွေးနဲ့ သူ့အတွေး မတူဘူး။ အဲ့လိုအတွေးတွေ ကွဲလွဲမှာကြောက်လို့ မချပြခဲ့ဘူး။ လူတော်တော်များများက National Costume ဆိုရင် ကြီးကျယ်ရမယ်။ ခမ်းနားရမယ်။ ကျနော်က အဲ့လိုမျိုး မဟုတ်ဘူး။ ကြီးကျယ်ခမ်းနားနေဖို့ မလိုဘူး။ ရိုးသားရမယ်။ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကိုပြနိုင်ရမယ်။ လူမျိုးတွေရဲ့သရုပ်ကိုလည်း ချပြနိုင်ရမယ်။ အဲဒါကြောင့် ရိုးရိုးလေးနဲ့ ရှင်းရှင်းလေး ချပြခဲ့တာပါ” လို့ ဒီဇိုင်နာ ပြည့်စုံက ပြောပါတယ်။
National Costume ကိုတော့ “လယ်သူမလေး ကောက်ရိတ်ချိန်” ဆိုတဲ့နာမည်ရဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်တဲ့သူများ ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။
“ကျွဲကတော့ အမည်းကြီးပါပဲ။ ကျနော်တို့က ကျွဲအမည်းကိုပဲ ယူထားတာ။ အစက ဖုန်ထနေတဲ့ ကျွဲအရောင်ကို ယူမလို့။ အဆင်သိပ်မပြေလို့ ကျွဲအမည်းကို ယူလိုက်တာ။ ကျွဲအမည်းကိုမှ ကရင်ရိုးရာချည်အလုံးလေးတွေ ထောင်ကျော် ထည့်ထားပါတယ်။ ချူအလုံးပေါင်း ၂ ထောင်ကျော်လည်း ထည့်ထားပါတယ်။ အကုန်လုံးကို အမည်းတွေ မှုတ်ထားပါတယ်”
“ကျွဲခလောက်လေးတွေလည်း အများကြီးပါတယ်။ ဒါတွေအကုန်လုံးက ရုတ်တရက်ကြည့်ရင် မတွေ့ရဘူး။ အနီးကပ်ကြည့်မှ တွေ့ရမယ့် အရာတွေပါ။ ဝေဖန်တာတော့ မဟုတ်ပါဘူး။ ကောင်းစေချင်လို့ပြောတဲ့အရာတွေကို ကျနော်တို့ အသေးစိတ် လုပ်ထားပါတယ်” လို့ ဒီဇိုင်နာ ပြည့်စုံက ပြောပါတယ်။
ဒီဇိုင်းကို အရိပ်အမြွက်သာပြခဲ့တာကြောင့် ပြိုင်ပွဲမတိုင်ခင်မှာ လူစိတ်ဝင်စားမှုနည်းပါးခဲ့တာလားဆိုတာကိုတော့ ဒီဇိုင်နာ ပြည့်စုံက အခုလို ဆိုပါတယ်။
“အဲ့လိုတော့ မထင်ဘူး။ ကျနော်တို့လိုချင်တာ သဘာဝအတိုင်း ပြချင်တာလေ။ ကြီးကျယ်ခမ်းနားဖို့ မလိုဘူး။ ကြီးကျယ် ခမ်းနားတာဆိုရင် ကောက်စိုက်သမရဲ့ ခမောက်နဲ့ ပလိုင်းကို ကြီးကျယ် ခမ်းနားစွာ လုပ်ထားတယ်။ သေချာ စိန်တွေ စီထားတယ်။ ကိုယ့်နိုင်ငံရဲ့လုပ်နိုင်စွမ်းတခုကို ပြတာပဲ။ တကယ်လိုချင်တာက ရိုးသားတဲ့ အငွေ့အသက်ပဲ”
“ကြီးကျယ်ခမ်းနားလို့ ဆုရသွားတာမျိုး မလိုချင်ဘူး။ ကျနော် လိုချင်တာက သူများတွေရင်ထဲကိုရောက်သွားမယ့် အောင်မြင်မှုတခုပဲ လိုချင်တဲ့အတွက်ကြောင့် ရိုးရိုးသားသားလေးပဲလုပ်ခဲ့တာပေါ့” လို့ ပြောပါတယ်။
အဆိုပါ “လယ်သူမလေး ကောက်ရိတ်ချိန်” ဝတ်စုံကိုတော့ ပြိုင်ပွဲမှာပြသတဲ့အချိန်မှာတော့ လူအများရဲ့စိတ်ဝင်စားမှုများ ခံခဲ့ရပေမယ့် ဆုတံဆိပ်နဲ့တော့ လွဲချော်ခဲ့ပါတယ်။
“ကျနော်တို့က နယ်ကဒီဇိုင်နာတွေပဲ MUM နဲ့လက်တွဲနေတာတော့ကြာပြီ။ သိပ်မသိကြဘူး။ ဒါပေမယ့်ဒါကို လုပ်ခွင့်ရတယ်။ နိုင်ငံတကာမှာ ချပြခွင့် ရတယ်။ အောင်မြင်သွားတယ်။ ဒီလိုမျိုး ကမ္ဘာအရပ်ရပ်ကနေ အားပေးကြတယ်။ အရမ်းပီတိ ဖြစ်တယ်။ သူ့ရဲ့ Video ကို စကြည့်တာနဲ့ မျက်ရည်တွေဝဲပြီး ခြေတုန်လက်တုန်တွေဖြစ် မူးမေ့မတတ်ဖြစ်ရတယ်။ ကျနော် တယောက်တည်း မဟုတ်ဘူး။ လူတိုင်းရင်မှာအဲ့လိုဖြစ်သွားစေတာ” လို့ ဒီဇိုင်နာပြည့်စုံက ပြောပါတယ်။
ဆုနဲ့လွဲချော်ခဲ့ပေမယ့် ပရိသတ်ရင်ထဲရောက်ခဲ့ရတဲ့အတွက်တော့ ပီတိဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Miss Universe Myanmar ပြိုင်ပွဲကြီးကိုတော့ ၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အလှမယ် မိုးစက်ဝိုင်၊ ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ နှင်းသွေးယုအောင်နဲ့ ယခုနှစ်မှာတော့ ဆွေဇင်ထက်တို့က အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
You may also like these stories:
ရှေ့ဆက်လို့ရတဲ့အထိ ရှေ့ဆက်သွားမယ့် ဂေဂေးတို့ ၂ယောက်ရဲ့ အချစ်ရေး
ပညာရေးနဲ့ အနုပညာကို ရွေးရခက်နေတဲ့ အလှမယ် မေယုခတ္တာ