မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်များကပါ ကြိုက်နှစ်သက်ရတဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်က ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိတယ်လို့ ဆိုပါတယ်။
“ကျနော် ယိုးဒယားမှာ စန်းပွင့်တာ ထူးဆန်းတယ်။ ကျနော် ကိုယ်တိုင်တောင် အံ့သြတယ်။ ကံကြမ္မာဆိုတာ ပြောလို့ မရဘူး။ ထူးဆန်းတယ်။ အတိတ်ဘဝက ကံကောင်းခဲ့တာပေါ့။ အလောင်းမင်းတရားကြီး ဝင်စားတယ်လို့ ပြောနေကြတာကိုတော့ ဘာမှ မပြောချင်ပါဘူး။ ပရိသတ်တွေက ကျနော့်ကို ချစ်ကြတယ်။ စနောက်ကြတယ်။ ပျော်လည်း ပျော်ရတယ်။ လက်ရှိကတော့ ကြော်ငြာတွေပဲ ရိုက်တယ်”
“၂၀၂၀ ဇန်နဝါရီကစပြီး ဇာတ်ကားတွေ ရိုက်ဖို့ရှိတယ်။ မဝတ်မှုံရွှေရည်နဲ့ တကား၊ မဖွေးနဲ့ တကား၊ ထိုင်းနိုင်ငံနဲ့ ရုပ်ရှင်တကား၊ ကမ္ဘောဒီးယားနဲ့ တကား အားလုံး ၄ ကား။ ၄ ကားလုံး စာချုပ်ချုပ်ပြီးသွားပါပြီ။ ကျနော် ဒီဇင်ဘာနဲ့ ဇန်နဝါရီတော့ ပြည်တွင်းမှာ ရှိပါမယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်မြို့တော်အဖြစ် တည်ထောင်မယ့် ကန်ချာနာဘူရီ (Kanchanaburi) မြို့မှာ ပိုင်တံခွန်ကသူ့ရဲ့ လက်ဗွေယာတွေကို မှတ်တမ်းတင်ခဲ့နိုင်လို့ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
“ထိုင်းရုပ်ရှင်ပွဲတော်အတွက် သူတို့က လှမ်းဖိတ်တယ်။ ကိုယ့်ကို ပိုပြီးတော့ အလေးထား ဆက်ဆံတယ်။ ပြီးတော့ လက်ဗွေရာကလည်း ကန်ချာနာဘူရီမြို့က ကျနော် သိရသလောက် နောက်ပိုင်းကျရင် ရုပ်ရှင်ဇာတ်ကားတွေ အဓိက ရိုက်လို့ရတဲ့နေရာ ဟောလိဝုဒ်လို ပုံစံမျိုး တည်ထောင်မှာဖြစ်တဲ့အတွက် သူတို့နိုင်ငံကိုလာတဲ့ Super Star တွေရဲ့ လက်ဗွေယာတွေကို ယူပြီးတော့ သူတို့ရဲ့ ပြတိုက်ထဲမှာ ထိန်းသိမ်းထားတယ်ပေါ့”
“အမှန်အတိုင်းပြောရရင်တော့ ပြည်ပခရီးတွေ သွားခဲ့တဲ့ တောက်လျှောက်မှာ ကန်ချာနာဘူရီမြို့ကတော့ ကျနော့်အတွက် တကယ် အမှတ်တရ ဖြစ်တဲ့မြို့၊ ပြီးတော့ ကျနော်လေဆိပ်ကို စရောက်ကတည်းက လုံခြုံရေး အများစုနဲ့ သွားရတယ်။ ဘယ်ဆိုင်သွားသွား ကျနော့်မျက်နှာနဲ့ Board တွေထောင်ထားပြီးတော့ Kanchanaburi မြို့က ကြိုဆိုပါတယ်လို့ မြင်တော့ အရမ်းပျော်တယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။
မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကတော့ လူငယ် အနုပညာရှင်များထဲမှာ မိန်းကလေး ပရိသတ်များစွာရဲ့ အားပေးမှုကို ရရှိထားပြီး မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်မှု ရရှိနေတဲ့ အနုပညာရှင်တဦးအဖြစ် ရပ်တည်နေပါတယ်။ ပိုင်တံခွန်က ဂီတကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တကိုယ်တော် Mini Album ဖြစ်တဲ့ “ချစ်သူ”ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိထားပါတယ်။
You may also like these stories:
“ထိုင်းမှာ လူသိတယ်ဆိုတာ မြန်မာ ပရိသတ်တွေဆီက အခြေတည်တာပါ”လို့ ပိုင်တံခွန် ပြော
မြန်မာနိုင်ငံက လှပတဲ့ နေရာတွေကို Promote လုပ်သွားမယ့် ခရီးသွားသံတမန် ပိုင်တံခွန်