Myanmar Idol Season 4 မှာ ပါဝင်ယှဉ်ပြိုင်လျက်ရှိတဲ့ အေးမြဖြူနဲ့ ငယ်စဉ်ကတည်းက သိကျွမ်းလာခဲ့ကြတဲ့ မြန်မာသံစဉ် အဆိုတော် ခင်ပိုးပန်းချီက မီဒီယာကနေ အားပေးစကား ပြောခဲ့ပါတယ်။
“အားပေးစကားဆိုရင်တော့ အပြင်မှာတော့ တခါမှ အားပေးစကား မပြောဖြစ်ပေမယ့် ဒီကနေပဲတဆင့် အားပေးလိုက်ပါတယ်။ မိုးသို (အေးမြဖြူ) ဘယ်လို အခက်အခဲပဲရှိရှိ အဓိကက မေတ္တာထားပြီးတော့ ကိုယ့်ကိုပြောတဲ့သူတွေကို မေတ္တာထားပြီးတော့ မေတ္တာနဲ့ပဲ ကျော်လွှားပါ၊ သည်းခံပါ။ သည်းခံခြင်းက အောင်မြင်ခြင်းရဲ့ရလဒ်ပါပဲ။ ကိုယ့်သူငယ်ချင်းဆိုတော့ ကမ္ဘာကျော်သွားရင် ပိုတောင်ကောင်းတာပေါ့” လို့ ခင်ပိုးပန်းချီက ပြောပါတယ်။
အေးမြဖြူ Myanmar Idol ဝင်ပြိုင်မယ့်အကြောင်းကိုလည်း ပြောခဲ့ပြီး ဒီပြိုင်ပွဲမှာ ဝင်မပြိုင်လည်း ဘဝမှာ တခြားပြိုင်ပွဲများ ပြိုင်နေရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
“မိုးသို(အေးမြဖြူ) က Myanmar Idol ပြိုင်မယ်ဆိုတာ ပြောတယ်။ မပြိုင်ခင်ကတည်းက သူ့မေမေကပြောတယ်။ မိုးသို Myanmar Idol ဝင်ပြိုင်မယ်။ အဲ့ကတည်းက ညီမ မေမေကလည်း အားပေးတာ။ ပြိုင်ပွဲဆိုတာကတော့ ဘဝမှာ ဒီပွဲ မဟုတ်လည်း တခြားပြိုင်ပွဲတွေ ပြိုင်နေရမှာပါပဲ။ ကောင်းပါတယ်” လို့ ခင်ပိုးပန်းချီက ပြောပါတယ်။
အေးမြဖြူနဲ့ ခင်ပိုးပန်းချီတို့ကတော့ ငယ်စဉ် ဆို ၊ က ၊ ရေး ၊ တီး ပြိုင်ပွဲမှာကတည်းက ခင်မင်လာခဲ့ကြတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ သိပ်မတွေ့ဖြစ်ကြတာ ပြောပါတယ်။
“မိုးသိုနဲ့က ၁ တန်း၊ ၂ တန်းလောက်ကတည်းက ခင်လာတာဆိုတော့ နှစ်တွေတော့ တော်တော်ကြာပြီ။ ၈ နှစ်၊ ၉ နှစ် လောက်တော့ ရှိပြီ။ ခင်တာကြာပေမယ့် ကြားထဲမှာ မတွေ့တဲ့အချိန်တွေ အများကြီး။ ဆို ၊ က ၊ ရေး ၊ တီး မှာဆိုရင်တော့ ခေါ်ပြော ဆော့ကြစားကြပေါ့နော်”
“ငယ်ငယ်လေးကတည်းက ပွဲတွေလည်းအတူတူသွားတာပါ။ ဒါပေမယ့်အခုနောက်ပိုင်းက မိုးသိုလည်းသူ့အလုပ်နဲ့သူ၊ ညီမကလည်း ကိုယ့်ပွဲနဲ့ကိုယ် ဆိုတော့ သူငယ်ချင်းတွေ မတွေ့ဖြစ်ကြဘူး။ အိမ်ကနေတော့ အားပေးနေပါတယ်” လို့ ခင်ပိုးပန်းချီက ပြောပါတယ်။
အေးမြဖြူကတော့ အခုအချိန်မှာ Top 4 ထိ ပါဝင်သွားပြီဖြစ်ပြီး ခင်ပိုးပန်းချီအနေနဲ့လည်း မြန်မာသံစဉ် သီချင်းများစွာကို သီဆိုနေတာဆိုရင် မကြာခင်မှာလည်း “ခမ်းနားတဲ့အလှူ” ဆိုတဲ့ အခွေလည်းထွက်ရှိသွားမှာ ဖြစ်ပါတယ်။
ခင်ပိုးပန်းချီကိုတော့ သရုပ်ဆောင်လုပ်ဖို့အတွက် လာရောက်ကမ်းလှမ်းတာတွေရှိပေမယ့် မိခင်ဖြစ်သူက တားမြစ်ထားတာကြောင့် မလုပ်ရဘူးလို့ ဆိုပါတယ်။
မြန်မာသံစဉ်များကိုသာ သီဆိုခဲ့တဲ့အတွက် သူမရဲ့ ပရိသတ်များက စတူဒီယို သီချင်းများကို သီဆိုရန်အတွက် တောင်းဆိုထားတာကြောင့် Mini Album အဖြစ် ထုတ်ရန်နဲ့ Music Video များရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
Channel 9 Wild Card နဲ့ ပြိုင်ပွဲဝင်တဦးကို ပြန်လည်ခေါ်ဆောင်မယ့် Myanmar Idol
ဟေမန်ဆောင်း သီချင်းများနဲ့ ဒိုင်တွေကို သဘောကျစေခဲ့တဲ့ Myanmar Idol
“နှာခေါင်းနဲ့ Vote မပေးနဲ့ပြောလည်း ပရိသတ်က သူကြိုက်တာ သူပေးနေမှာပဲ”လို့ ပိုးမီ ပြော