Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်အဖြစ် ၃ နှစ်ဆက်တိုက် ပါဝင်ခဲ့တဲ့ အဆိုတော် တင်ဇာမော်က ယောကျ်ားလေး၊ မိန်းကလေး မခွဲခြားဘဲ ပရိသတ်က ရွေးပေးတဲ့သူ Winner ဖြစ်မှာပဲလို့ ဆိုပါတယ်။
“မိန်းကလေး Winner ဖြစ်စေ၊ ယောကျ်ားလေး Winner ဖြစ်စေရယ်ဆိုပြီး မရှိပါဘူး။ တော်တဲ့သူ အားလုံးကို ကျမတို့က ရွေးပေးထားတာပဲလေ။ ပရိသတ်က ရွေးပေးတဲ့သူ Winner ဖြစ်မှာပဲလေ။ ဒီပြိုင်ပွဲမှာတော့ ယောကျ်ားလေး၊ မိန်းကလေး ဆိုပြီး မခွဲခြားထားပါဘူး။ ပရိသတ် Voting ပေါ်မှာပဲ အဖြေထွက်ရင် ကျမတို့က ကျေနပ်စွာ ပျော်ပျော်ရွှင်ရွှင် လက်ခံမှာပဲ။ သူတို့နေရာနဲ့ သူတို့ အကောင်းဆုံးနေရာတွေ အများကြီးရှိပါတယ်”
“ကောင်းတဲ့သူ နှစ်ယောက် ယှဉ်ရင် ပရိသတ် Voting ရှိနေလို့ ကောင်းတဲ့သူ တယောက်က ဖယ်ပေးလိုက်ရတာပေါ့။ မကောင်းလို့ ဖယ်ပေးလိုက်ရတာမှ မဟုတ်တာ။ အားပေးတဲ့ ပရိသတ်တွေချင်း မတူကြတာကြောင့် Voting မှာ ကွဲသွားတာပါ”လို့ တင်ဇာမော်က ပြောပါတယ်။
ဆက်လက်ပြီး တင်ဇာမော်က ရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင်တွေဟာ အရည်အချင်းရှိကြပြီး အရမ်းကောင်းကြတာကြောင့် ရွေးချယ်ရခက်တယ်လို့ ဆိုပါတယ်။
“ကျမတို့ ရွေးချယ်ထားတဲ့ ကလေးတွေရဲ့ အရည်အချင်းတွေ ရှိကြတယ်။ တယောက်နဲ့ တယောက်လည်း အရမ်းကောင်းနေတော့ ဒိုင်တွေလည်း ရွေးရခက်၊ ပရိသတ်ကလည်း ရွေးရခက် အဲ့ဒါပိုပြီး အရသာရှိတာပေါ့။ အဲ့လိုဖြစ်တော့ ကျမတို့ ဒိုင်တွေက ပိုပျော်တာပေါ့။ ငါတို့ရွေးခဲ့တဲ့ ကလေးတွေက ကြိုးစားကြပါလား။ ဆုံးဖြတ်ရခက်ပါလား ဆိုတာ ကြည့်ရင်း ကြည်နူးရတာပေါ့”လို့ တင်ဇာမော်က ပြောပါတယ်။
ပြိုင်ပွဲဝင်တွေကို Comment ကောင်းတွေပဲ ပေးနေတာကြောင့် ဝေဖန်နေကြတဲ့အပေါ်တင်ဇာမော်က ဒိုင် ၃ ယောက်လုံး မမှားဘူးလို့ ဆိုပါတယ်။
“တယောက်နဲ့ တယောက် အကြိုက်ချင်းတော့ တူမှာ မဟုတ်ဘူး။ အကုန်လုံးမှာ လွတ်လပ်ခွင့် ရှိတယ်။ အနုပညာကိုလည်း လွတ်လွတ်လပ်လပ် ခံစားနိုင်တယ်။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ပရိသတ်ပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ခံစားနိုင်တယ်။ ကိုယ်ထင် ကုတင်ရွှေနန်းပဲ။ ကျမတို့ ကလေးတွေကို အကောင်းတွေပဲ ပြောကြတယ်လို့ ပြောတယ်။ အကုန်လုံးကလည်း ကောင်းနေတာကိုး”
“ကလေးတွေက မကောင်းလို့ ဒီနေရာကို ရောက်လာတဲ့သူ မရှိဘူး။ ကောင်းလို့ ဒီနေရာကို ရောက်ခဲ့တာ။ ကောင်းလို့ ကောင်းတယ်လို့ ပြောတာကို ကျမတို့ ၃ ယောက်လုံး မမှားဘူးလို့ မြင်တယ်။ ဘယ်လောက်ကောင်းကောင်း လူဆိုတာ လိုအပ်ချက်ရှိတယ်။ ကျမမှာလည်း ရှိတယ်၊ တခြားသူတွေမှာလည်း ရှိတယ်။ ဘယ်သူမှ ပြည့်စုံတာ မရှိဘူး။ ကလေးတွေမှာလည်း ကောင်းနေပေမယ့် လိုအပ်ချက်တွေ ရှိတယ်”
“ပြိုင်ပွဲဝင်သီချင်းတွေကိုဆိုတော့ ဘယ်နေရာလေးတွေ ကောင်းပြီး ဘယ်နေရာလေးတွေ လိုသွားတာနော်ဆိုတာကို ထောက်ပြရတာလေ။ ထောက်ပြရင်လည်း မကောင်းတဲ့ နေရာတွေကိုပဲ ထောက်ပြပြီး ပြောနေရင် တရားမျှတပါ့မလား။ ကောင်းလို့ရွေးခဲ့တာဖြစ်တဲ့အတွက် ကောင်းနေတာပဲ။ ကျမကတော့ ဒိုင်တဦးအနေနဲ့ သူတို့မှာ လိုအပ်ချက်တွေကိုလည်း ရှာပြီး အကြံပေးရမှာ။ ကောင်းတဲ့အချက်ကိုလည်း ရှာပြီးပြောရမှာပဲ”လို့ တင်ဇာမော်က ပြောပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ ကျင်းပလာခဲ့တာ Season ၄ ခု အထိ ရှိနေပြီဖြစ်ပြီး အဆိုတော် တင်ဇာမော်ကတော့ ဒိုင်အဖြစ် ပါဝင်လာခဲ့တာ ၃ နှစ် ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။
You may also like these stories:
ဒီနှစ် Myanmar Idol Winner က မိန်းကလေးအဆိုရှင် ဖြစ်လာမှာလား
“Myanmar Idol မှာ ဒိုင်အပြောင်းအလဲ လုပ်ထားတာ ပုဂ္ဂိုလ်ရေး မပါဘူး”လို့ စီစဉ်သူ ပြော
Myanmar Idol ကို Wild Card နဲ့ ပြန်သွားချင်ပေမယ့် မမျှော်လင့်ထားတဲ့ ထက်အဉ္ဇလီ