Entertainment

ပြိုင်ပွဲဝင်တွေကို ပြိုင်ပွဲမှာတင် ရပ်မသွားဘဲ ရှေ့ဆက်သီချင်းတွေ လုပ်စေချင်တဲ့ ချောစုခင်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံကျော် ဝါရင့်အဆိုတော် တဦးဖြစ်တဲ့ ချောစုခင်က သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်နေကြတဲ့ ပြိုင်ပွဲဝင်တွေ ပြိုင်ပွဲမှာတင် မရပ်သွားကြဘဲ ရှေ့ဆက်ပြီး သီချင်းတွေ ဆက်လုပ်စေချင်တယ်လို့ ဆိုပါတယ်။

“အဆိုပြိုင်ပွဲတွေက အဆိုရှင်တွေအတွက်တော့ ကိုယ့်အနုပညာတွေကို ချပြခွင့်ရတဲ့ နေရာတခု ဖြစ်တယ်။ အခွင့်အရေးကောင်း တခုလို့ ပြောချင်တယ်။ ပြိုင်ပွဲဝင်တွေကိုလည်း ရလာတဲ့ အခွင့်အရေးပေါ်မှာ အကောင်းဆုံးကြိုးစားပါ။ ကြိုးစားရင်း ကံရော၊ စန်းရော တက်လာရင် တခါတည်း အောင်မြင်သွားဖို့ အခွင့်အလမ်းတွေ အများကြီး ရှိတယ်။ ဒီတော့ ချောစုလည်း ပြိုင်ပွဲဝင်လေးတွေကို အားပေးတယ်၊ နားထောင်ပြီး အားပေးနေပါမယ်”

“ပြိုင်ဝင်တွေကလည်း ပြိုင်ပွဲတင် မရပ်ဘဲ ရှေ့ဆက်ပြီး သီချင်းတွေ ဆက်လုပ်စေချင်တယ်။ ပြိုင်ပွဲမှာ နံပါတ် (၁) မရပေမယ့်လည်း အောင်မြင်တဲ့သူရှိ သလို နံပါတ် (၁) ရပြီး မအောင်မြင်တဲ့ ကလေးတွေလည်း ရှိကြတယ်။ အဲ့အတွက် ဒီလိုပြိုင်ပွဲတွေမှာ ဆုတွေ မရပေမယ့် ကောင်းမွန်တဲ့ အတွေ့အကြုံတွေရမှာပါလို့ အားပေးချင်တာ”လို့ ချောစုခင်က ပြောပါတယ်။

လက်ရှိ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ဘင်ဂျမင်ဆုန်းရဲ့ သီချင်းသီဆိုမှု အပိုင်းနဲ့ ပတ်သတ်ပြီး ကြိုက်တယ်ဆိုတဲ့ ချောစုခင်က ပြိုင်ပွဲဝင်တွေကို ကောင်းသော ဝေဖန်ခြင်းနဲ့သာ ဝေဖန်စေချင်တယ်လို့လည်း ဆိုပါတယ်။

“ပြိုင်ပွဲဝင်ထဲမှာတော့ ဘင်ဂျမင်နဲ့ အက်စတာကို ကြိုက်တယ်။ နှစ်ယောက်စလုံးကို ရစေချင်ပါတယ်။ နှစ်စဉ်က ယောကျာ်းလေးပဲ ရနေကျဆိုတော့ ဒီနှစ် မိန်းကလေးကို အားသာတယ်။ ဘင်ဂျမင်ကို ဝေဖန်နေကြတာ တွေ့တယ်။ လူတိုင်းစင်ပေါ်မှာ ဆိုပြီဆိုကတည်းက ကြိုက်သလို ဝေဖန်လို့ရတယ်။ ဒါပေမယ့် ကောင်းတဲ့ ဝေဖန်ခြင်းနဲ့ ဝေဖန်မယ်ဆို သူ့အတွက်လည်း အားဖြစ်စေသလို တကယ်ပျော်ရွှင်မှာပါ”

“ဘင်ဂျမင်နေတဲ့ အသိုင်းအဝိုင်းက ချင်းလိုပဲ စကားပြောကြတာဖြစ်တဲ့ အတွက် ချင်းသံလေး ဝဲနေတယ်။ ဝဲနေတဲ့အတွက် သီချင်းတွေကို ဆိုတဲ့အခါ ကြားရတာ ဆန်းဆန်းလေးတော့ ဖြစ်နေတယ်။ တနဲ့ သနဲ့ ကွဲတယ်။ စကားလုံးတွေ ပီသတဲ့အတွက် တခု အမှတ်ပေးချင်တယ်။ နောက်ပြီး သူက ကလေးလေးပါ”

“ချောစုတို့တောင် စင်ပေါ်တက်ရင် ကြောက်တယ်။ ငါ့ဘာ ပြောကြမလဲ။ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေတဲ့အတွက် သူလည်း ငယ်သေးတော့ စိုးရိမ်စိတ်တွေ ရှိနေတာမျိုးလည်း ရှိမှာပါ။ သူ့ကို အားပေးကြပါလို့ ပြောချင်တယ်။ သူ့မှာ စိုးရိမ် ကြောက်နေတဲ့အတွက် သီချင်းဆိုရင် တင်းတင်းကြီး ဖြစ်နေတယ်”

“သူလည်း အဲ့ဒါလေး နောက်ပိုင်းဆိုတာများရင် သိလာမှာပါ။ သူဆိုတာ ဘို အရမ်းဆန်တယ်။ ချောစုအတွက်တော့ ဆိုနေတာ အရမ်းအဆင်ပြေတယ်။ သူဆိုတာတွေတော့ ချောစုကြိုက်တယ်။ တချို့လူတွေနဲ့တော့ အမြင်မတူနိုင်ဘူးပေါ့နော် ”လို့ ချောစုခင်က ပြောပါတယ်။

အဆိုတော် ချောစုခင်ကတော့ သီချင်းခွေများစွာ ထွက်ရှိထားသူ တဦးဖြစ်ပြီး ထွက်ရှိတဲ့ သီချင်းတိုင်းလည်း အောင်မြင်မှုရရှိခဲ့တဲ့ အဆိုတော် တဦး ဖြစ်ပါတယ်။

You may also like these stories:

ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ် အွန်လိုင်းကနေ တင်သွားမယ့် အဆိုတော် ချောစုခင်

သီချင်းဆို ပြိုင်ပွဲတွေအပေါ် အမြင်ပြောပြတဲ့ အဆိုတော် ဟေမာနေဝင်း

တကိုယ်တော်သီချင်းခွေက ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်လို့ အဆိုတော် Jewel ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading