၂၅ နှစ်ကြာခဲ့ပြီးတဲ့နောက် အဆိုတော် Mariah Carey ရဲ့ “All I Want for Christmas Is You” သီချင်းဟာ အမေရိကန်နိုင်ငံက ဂီတဇယားတွေမှာ ထိပ်ဆုံးကို နောက်ထပ်တဖန် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အဆိုတော် Mariah က အပျော်လွန်လို့ကျတဲ့ မျက်ရည်တွေပါဝင်တဲ့ emoji တွေနဲ့အတူ “ကျမတို့ လုပ်နိုင်ခဲ့ပြီ” ဆိုပြီး Twitter မှာ တင်ခဲ့ပါတယ်။ အခုလိုမျိုး နာမည်ကျော် ပေါ့ပ်အဆိုတော် တဦးရဲ့ အချိန်ကြာညောင်းပြီဖြစ်တဲ့ သီချင်းတပုဒ်ဟာ ထိပ်ဆုံးမှာ ပြန်လည်ရောက်ရှိလာတာကို တွေ့မြင်ပြီး ပရိသတ်တွေကတော့ အံ့အားသင့်ခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံရဲ့ အားလပ်ရက်တွေအတွက် ရည်ရွယ်ပြီး သီချင်းထုတ်လေ့ရှိတဲ့ အဆိုတော် Mariah ကတော့ အဲ့ဒီသီချင်းကို ၁၉၉၄ ခုနှစ်မှာ သူ့ရဲ့ မယ်ရီခရစ်စမတ် အယ်လ်ဘမ်ထဲမှာ ထည့်သွင်းသီဆိုခဲ့တာဖြစ်ပေမယ့် ဟော့အဖြစ်ဆုံး သီချင်းအပုဒ်ရေ ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အကြောင်းကတော့ Single သီချင်းအနေနဲ့ စီးပွားရေးအရ သီးသန့် ပွဲမထုတ်ခဲ့လို့ ဖြစ်ပါတယ်။
ဒါပေမယ့် ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ အဲ့ဒီအယ်လ်ဘမ်ထဲက သီချင်းတွေဟာ အမေရိကန် ထိပ်တန်းသီချင်း စာရင်းမှာပါဝင်လာခဲ့ပြီး ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှာတော့ ဟော့အဖြစ်ဆုံးသီချင်း ၁၀၀ စာရင်းထဲကို ရောက်လာခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Love Actually” ရုပ်ရှင်ကြောင့် ခရစ်စမတ် ကာလတိုင်းမှာ ပရိသတ်တွေက အထူး နားဆင်ခဲ့ရာကနေ အဲ့ဒီအားလပ်ရက်တိုင်းမှာ မဖွင့်ရင် မဖြစ်တဲ့အထိ အထူးကို အောင်မြင်ထင်ရှားလာခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၂ ခုနှစ်ကလို့ အွန်လိုင်းကနေ နားဆင်တဲ့ အကြိမ်အရေအတွက်ကို Billboard ကနေ စတင်ကောက်ယူလာခဲ့ပြီးတဲ့နောက် ဂီတဇယားတွေမှာ ထိပ်ဆုံးနားကနေ ဦးဆောင်လာခဲ့ပါတယ်။
အခုတော့ ဒီနှစ်ဟာ အဲ့ဒီကမ္ဘာကျော် ခရစ်စမတ်သီချင်းရဲ့ ၂၅ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ပြီး အဆိုတော်ကိုယ်တိုင်က ဟောလိုးဝင်းအပြီးနောက် တရက်ကနေစလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပရိုမိုးရှင်းတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။
ယူကေနိုင်ငံမှာတော့ “All I Want for Christmas Is You” သီချင်းဟာ Spotify ရဲ့ နားထောင်မှု အများဆုံး သီချင်း ဖြစ်နေပြီး ပြင်သစ်နိုင်ငံရဲ့ ထိပ်တန်းသီချင်းစာရင်းမှာလည်း နံပါတ် ၃၁ နေရာကနေ ရပ်တည်နေပါတယ်။
You may also like these stories:
UK နိုင်ငံရဲ့ ဆယ်စုနှစ်တာအတွင်း အကောင်းဆုံး အနုပညာရှင် ဖြစ်လာတဲ့ Ed Sheeran
AMA ဆုပေးပွဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ ဆုအများဆုံး ရထားတဲ့ စံချိန်ကို လိုက်မီခဲ့တဲ့ Taylor Swift
Amazon Music ကို Android နဲ့ iOS မှာ အခမဲ့ နားဆင်နိုင်ပြီ