အသံပါဝါ ကောင်းကောင်းနဲ့ သီချင်းတွေ သီဆိုတတ်ပြီး အခုချိန်ထိ ပရိသတ်တွေ ကြိုက်နှစ်သက်ရတဲ့ အဆိုတော် ဆုန်သင်းပါရ်ကတော့ မကြာခင်မှာ တကိုယ်တော် သီချင်းခွေသစ် ထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။
“ဆုန်သင်း အခု အခွေ လုပ်နေတယ်။ သီချင်းသစ်တွေချည်းပဲ ပါမယ်။ သီချင်းတွေလည်း စုံပြီ။ ဒီနှစ်တော့ ထွက်ဖို့ မမီနိုင်လောက်ဘူး။ နောက်နှစ်ထဲ ထွက်နိုင်အောင် ကြိုးစားမယ်။ သီချင်းကတော့ ဒီ Trend တိုင်းတော့ လိုက်ဖို့ မရှိဘူး။ ဆုန်သင်း ပုံစံတိုင်းပဲ သွားမှာပဲ။ အခုထွက်မယ့် အခွေမှာ အရင်ပုံစံထက်တော့ နည်းနည်းမာမယ်”
“တေးရေးတွေကလည်း အမြဲလက်တွဲနေတဲ့ တေးရေးဆရာတွေရော၊ တေးဆရာအသစ်တွေလည်း ပါတယ်။ အခုချိန်မှာ အခွေထုတ်ရတာက ကိုယ့်ငွေနဲ့ပဲ ကိုယ်ထုတ်ရတာဆိုတော့ ပိုပြီး စိတ်တိုင်းကျတော့ ဖြစ်တာပေါ့။ အွန်လိုင်းပေါ်တော့ တပုဒ်လောက် တင်ပေးဖြစ်မယ်။ အခွေ မထွက်ခင်လေးတော့ တင်ပေးမယ်”လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
လက်ရှိ ကျင်းပနေတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုလည်း အားပေးပြီး ပြိုင်ပွဲဝင်တွေ အကုန်လုံးကို အားပေးတယ်လို့ ဆုန်သင်းပါရ်က ဆိုပါတယ်။
“Myanmar Idol လည်း ကြည့်ဖြစ်ပါတယ်။ မျိုးဆက်သစ်တွေ အကုန်လုံး ကောင်းပါတယ်။ အကုန်လုံး အားပေးပါတယ်။ ဘယ်သူရယ်ဆိုပြီး အားပေးတာတော့ မရှိဘူး။ ချင်းလူမျိုးရယ်ဆိုပြီးလည်း မဟုတ်ပါဘူး။ သူတို့ ဒီလိုနေရာကို ရောက်လာကတည်းက အရည်အချင်းရှိလို့ ရောက်လာကြတာပဲ။ ဆက်ပြီး ကြိုးစားပါလို့ အားပေးချင်ပါတယ်။ တချို့ပရိသတ်တွေကလည်း ရှေ့ကအဆိုတော်တွေနဲ့ နှိုင်းယှဉ်ခံနေရတော့ ကလေးတွေလည်း ဖိစီးမှု အများကြီး ရှိမယ်”
“တချို့သီချင်းတွေဆို သူတို့ အသက်ထက်တောင် ကြီးသေးတယ်။ သူတို့ ကောင်းကောင်းမွန်မွန်လေး ဆိုနိုင်တယ်။ သူတို့အတွက် ပြိုင်ပွဲဆိုတာ စိတ်ဖိစီးမှု အရမ်းများပါတယ်။ သူတို့ကို ကြိုက်တဲ့သူ ရှိသလို ပုတ်ခတ်တဲ့သူလည်း ရှိတယ်။ အဲ့ဒါ အစပဲ ရှိသေးတယ်။ ဂီတလမ်းကြောင်းကို ရှေ့လျှောက် ဖြတ်သန်းရဦးမှာမို့ ဒါတွေကိုကြည့်ပြီး စိတ်မပျက်ပါနဲ့ ပြောချင်တယ်”လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
အဆိုတော် ဆုန်သင်းပါရ်ဟာ သီချင်းခွေများစွာ ထွက်ရှိထားသူတဦးဖြစ်ပြီး ထွက်ရှိတဲ့ သီချင်းတိုင်းကလည်း အောင်မြင်မှုရရှိခဲ့တဲ့ အဆိုတော်တဦး ဖြစ်ပါတယ်။
You may also like these stories:
သီချင်းဆိုရင် ပါဖောမန့်မလုပ်တတ်ဘူးဆိုတဲ့ အဆိုတော် ဆုန်သင်းပါရ်
“DVD ခွေထွက်ဖို့ ပရိုဂျူဆာရော ပညာရှင်ဘက်ကပါ ခက်ခဲနေတဲ့ ခေတ်ပါ”လို့ ဆိုတဲ့ ဖြိုးပြည့်စုံ
တကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေတဲ့ အဆိုတော် မေလသံစဉ်