ယေရှှုခရစ်တော်ကို လိင်တူချစ်သူ တဦးအနေနဲ့ ပုံဖော်ထားတဲ့ Netflix ရဲ့ ဟာသဇာတ်မြူး ရုပ်ရှင်ဟာ ဘရာဇီးနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို ဒေါသထွက်စေခဲ့ပြီး အဲ့ဒီရုပ်ရှင်ကို ဗီဒီယိုကြည့် ဝန်ဆောင်မှုကနေ ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ လူ ၂ သန်းနီးပါး ပါဝင် လက်မှတ်ရေးထိုးထားပြီးပြီလို့ သိရပါတယ်။
“The First Temptation of Christ” လို့ နာမည်ပေးထားတဲ့ အဲ့ဒီရုပ်ရှင်ကို ဘရာဇီး YouTube ဟာသအဖွဲ့တဖွဲ့ ဖြစ်တဲ့ Porta dos Fundos က ဖန်တီးခဲ့တာ ဖြစ်ပြီး ခရစ်တော်ဟာ မြင့်မြတ်တဲ့ မိသားစုနဲ့ တွေ့ဆုံစေဖို့ ချစ်သူ Orlando ကို အိမ်ခေါ်လာခဲ့ပုံအနေနဲ့ သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။
Change.org မှာရှိတဲ့ အွန်လိုင်းတောင်းဆိုမှုမှာတော့ ၄၆ မိနစ်တာ ကြာမြင့်တဲ့ အဲဒီ ရုပ်ရှင်ကို Netflix ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုထားပြီး ဒါဟာ ခရစ်ယာန်ဘာသာဝင်တွေကို စော်ကားတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ Netflix နဲ့ Porta dos Fundos အဖွဲ့တို့ကတော့ အခုအချိန်အထိ မှတ်ချက် တစုံတရာပေး ပြောဆိုတာမျိုး မရှိသေးပါဘူး။
ဘရာဇီးနိုင်ငံဟာ ဘာသာရေးကိုင်းရှိုင်းသူ လူသန်း ၂၀၀ လောက်ရှိတဲ့ နိုင်ငံဖြစ်ပြီး လိင်တူချစ်သူမုန်းတီးမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကက်သလစ် ဘုရားကျောင်းတော်နဲ့ နာမည်ကျော် ခရစ်ယာန်လှုပ်ရှားမှုတွေက မကြာခဏဆိုသလို LGBT+ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဝေဖန်လေ့ ရှိပါတယ်။
လိင်တူချစ်သူ မုန်းတီးသူအဖြစ် ဂုဏ်ယူစွာပြောကြားလေ့ရှိတဲ့ ဘရာဇီးသမ္မတ Jair Bolsonaro က LGBT+ အသားပေး ရုပ်ရှင်တွေ အပါအဝင် ရုပ်ရှင်တော်တော်များများအတွက် ရန်ပုံငွေ ထောက်ပံ့ပေးတာကို အခုနှစ် အစောပိုင်းမှာ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်တရားရုံးက အဲ့ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ သမ္မတရဲ့ သား Eduardo Bolsonaro က အဲ့ဒီ Netflix ရုပ်ရှင်ဟာ “အမှိုက်” သာဖြစ်ပြီး အဲ့ဒီရုပ်ရှင်ထုတ်လုပ်သူတွေဟာ ဘရာဇီး လူမှုအသိုင်းအဝန်းကို ကိုယ်စား မပြုဘူးလို့ Twitter မှာ ပြောဆိုခဲ့ပါတယ်။
Ref:asiaone
You may also like these stories:
ကမ္ဘာ့အမှိုက်ပုံကြီး ဖြစ်လာတဲ့ မလေးရှားနိုင်ငံအကြောင်း Netflix ရဲ့ မှတ်တမ်းစီးရီးမှာ ဖော်ပြ
အိန္ဒိယမှာ Netflix နဲ့ Amazon ဆင်ဆာဖြတ်တောက်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိ