လွန်ခဲ့တဲ့ ၂ နှစ်လောက်အတွင်းမှာ လူမှုရေးရာ ကိစ္စရပ်တော်တော်များများကို တက်တက်ကြွကြွ ထောက်ခံ အားပေးခဲ့တဲ့ နာမည်ကျော် ဘောလိဝုဒ်မင်းသား Akshay Kumar က ပျော်ရွှင်ချင်တာကြောင့် နိုင်ငံရေးလောကထဲကို လုံး၀ ဝင်ရောက်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
ဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ ပွဲတပွဲမှာ မင်းသားကို နိုင်ငံရေးလောကထဲ ဝင်မှာဆိုပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ မင်းသားက “လုံးဝပါပဲ။ ကျနော် ပျော်ရွှင်ချင်ပါတယ်။ ကျနော် ရုပ်ရှင်တွေကို ချစ်ပါတယ်။ ကျနော့်ရဲ့ ရုပ်ရှင်တွေကနေ တဆင့် တိုင်းပြည်ကို မျှဝေချင်ပါတယ်။ ဒါဟာ ကျနော့်အလုပ်ပါ”လို့ ပြောဆိုခဲ့ပါတယ်။
ပထမဆုံး နိုင်ငံတော်အဆင့် ဆုတံဆိပ် ရရှိခဲ့တာနဲ့ ပတ်သက်လို့ မင်းသားက “ကျနော့်ရဲ့ ပထမဆုံး နိုင်ငံတော်အဆင့် ဆုပေးပွဲမှာ ကျနော်ဘေးနားမှာ ထိုင်ခဲ့တဲ့ မိန်းကလေးတဦးက သူက ကျနော့်ပရိသတ်ဖြစ်တဲ့အကြောင်း၊ အခုလိုမျိုး ဆုရရှိလို့ ဂုဏ်ပြုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်”
“သူက ကျနော် ရုပ်ရှင်ဘယ်နှကား ရိုက်ပြီးပြီလဲလို့ မေးပါတယ်။ ကျနော့် ၁၃၇ ကားလို့ ဖြေလိုက်တယ်။ ကျနော်က သူ့ကိုလည်း အလားတူမေးခွန်းမျိုး ပြန်မေးခဲ့ပါတယ်။ အဲ့ဒါက သူ့ရဲ့ ပထမဆုံးရုပ်ရှင်လို့ပြောပါတယ်။ သူက အဲ့ဒီရုပ်ရှင်အတွက် နိုင်ငံတော်အဆင့်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
မင်းသား Akshay ဟာ ၂၀၁၇ ခုနှစ်မှာ “Rustom” ရုပ်ရှင်နဲ့ သူ့ရဲ့ အနုပညာသက်တမ်း တလျှောက်လုံးမှာ သူ့အတွက် ပထမဆုံး နိုင်ငံတော် အဆင့်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံချစ်စိတ်နဲ့ ပတ်သက်လို့လည်း မင်းသားက “တိုင်းပြည်က ကျနော်တို့ကို ဘာတွေပေးပြီးပြီလဲ ဆိုတာနဲ့ ပတ်သက်လို့ တွေးနေတာမျိုးကို ကျနော် မယုံကြည်ပါဘူး။ တိုင်းပြည်ကို ဘာပြန်ပေးနိုင်မလဲဆိုတာကိုပဲ ယုံကြည်ပါတယ်။ ဥပမာအားဖြင့် ခင်ဗျားက ခရစ်ကတ်အသင်းရဲ့ အသင်းခေါင်းဆောင်ကို ရွေးချယ်ရပြီး တသင်းလုံးရဲ့ တာဝန်က ခေါင်းဆောင်ပြောသမျှ နားထောင်ရဖို့ ဆိုပါစို့။ ခေါင်းဆောင်အနောက်ကိုသာ လိုက်ကြပါ။ သူ့ကို တိုင်းပြည်ခေါင်းဆောင်ခွင့်သာ ပေးလိုက်ပါ”လို့ ဆိုပါတယ်။
မင်းသားဟာ သူ့ရဲ့ အနုပညာခရီးလမ်းအစပိုင်းမှာ တွဲဖက်သရုပ်ဆောင်တဲ့ မင်းသမီးတွေနဲ့ အချစ်ရေး သတင်းတွေ တော်တော်များများ ထွက်ပေါ်ခဲ့တာကြောင့် မိန်းကလေးတွေ နှစ်သက်ရတဲ့ အမျိုးသားတဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ မိသားစုကို ဦးဆောင်ရတဲ့ အမျိုးသားတဦးဆိုတဲ့ ကွာခြားမှု တခုသာ ရှိတယ်လို့ ဆိုပါတယ်။
“တချိန်က မိန်းကလေးတွေအတွက် အမျိုးသား ဖြစ်ခဲ့မယ်။ အခုတော့ မိသားစုတစုကို ပိုင်ဆိုင်တဲ့ အမျိုးသား ဖြစ်ခဲ့ပြီ။ ကျနော့်မှာ အရမ်းကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားပြီး အရမ်းဂုဏ်ယူနေရပါတယ်”လို့ မင်းသားက ပြောဆိုခဲ့ပါတယ်။
Ref: hindustantimes
You may also like these stories:
နာမည်ကျော် ဒါရိုက်တာတွေ ခေါ်မသုံးလို့ တက်သစ်စတွေနဲ့ အလုပ်တွဲလုပ်နေတဲ့ Akshay Kumar
အလုပ်ချိန် မတူလို့ အရှေးကူမားနဲ့ ရုပ်ရှင်အတူ တွဲရိုက်လို့ မရသေးကြောင်း ရှာရွတ်ခန်းပြော
အာသံ ရေဘေး ဒုက္ခသည်များအတွက် မင်းသားကြီး အမီတာဘဂျမ်း ရူပီး ၅၁ သိန်း လှူဒါန်း