မြန်မာသံစဉ် အဆိုတော်တဦးဖြစ်တဲ့ တေးသံရှင် ထားက မြန်မာသံစဉ် သီချင်းများကို ပရိသတ်များအနေနဲ့ ကိုယ့်ရဲ့ဘာသာ၊ သာသနာကို ထောက်ထားတဲ့အနေနဲ့ အားပေးကြဖို့ ပြောလိုက်ပါတယ်။
“ပရိသတ်အနေနဲ့လည်း ကိုယ့်လူမျိုး ကိုယ့်ရဲ့ဘာသာ၊ သာသနာကို ထောက်ထားပြီးတော့ ကိုယ့်ရဲ့မြန်မာမှုကို အားပေးပါ။ မြန်မာပရိသတ်က အားပေးမှလည်း မြန်မာသီချင်းဆိုတာဟာ ပိုပြီးအဆင့်မြင့်မြင့်နဲ့ နားထောင်လာကြမှာပါ။ ပရိသတ်ကြီးအနေနဲ့လည်း များများ အားပေးပါလို့”လို့ တေးသံရှင် ထားက ဧရာဝတီကို ပြောပါတယ်။
ပရိသတ်များများ အားပေးဖို့အတွက် မြန်မာသံစဉ် သီချင်းများကလည်း များများထွက်ဖို့ လိုအပ်ပြီး ပရိသတ်တွေအနေနဲ့လည်း မြန်မာမှုကို မပျောက်အောင် ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
“လိုအပ်တာက မြန်မာသံစဉ်တွေ များများထွက်ဖို့လည်း လိုအပ်တယ်။ အခု ထွက်တယ်။ မြန်မာသံတွေများများထွက်ကြတယ်။ ကလေးတွေ၊ ယောကျ်ားလေးရော၊ မိန်းကလေးရော ထွက်ကြတာ အန်တီတို့ဝမ်းသာတယ်။ အဲ့တော့ ပရိသတ်သည် ကိုယ့်မြန်မာနိုင်ငံမှာနေတဲ့ မြန်မာလူမျိုး၊ အမျိုးဘာသာ သာသနာကို ပြန်ကြည့်တဲ့အနေနဲ့ ကိုယ့်မြန်မာမှုကို မပျောက်အောင် ပရိသတ်တွေအနေနဲ့ မြန်မာမှုကိုအားပေးပြီး ထိန်းသိမ်းပေးကြပါ” လို့ တေးသံရှင် ထားက ပြောပါတယ်။
မြန်မာ့ဂီတ ရေစီးကြောင်းမှာ ပရိသတ်အများစု ကြိုက်နှစ်သက်တဲ့ သီချင်းများ အခွေထွက်ရင်တောင် မရောင်းရတဲ့ ကိစ္စများစွာရှိနေတဲ့အချိန်မှာ မြန်မာသံစဉ် သီချင်းများအနေနဲ့လည်း အခက်အခဲများကြားက အခွေ ထွက်နေရတာလို့ သိရပါတယ်။
“အခက်အခဲလေးကတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း ကိုယ့်မြန်မာပြည်မှာ ကိုယ့်မြန်မာသီချင်းလေးတွေတော့ ပျံ့ပျံ့နှံ့နှံ့နဲ့ ဖြစ်စေချင်တယ်။ အဲဒါလေးကပဲ အမြတ်ပဲပေါ့” လို့ တေးသံရှင် ထားက ပြောပါတယ်။
မြန်မာသံစဉ်ကို ချစ်မြတ်နိုးတဲ့ မျိုးဆက်သစ်လူငယ်များ အခွေထွက်ရှိတဲ့အခါမျိုးမှာလည်း လက်ကမ်းကြိုဆိုလျက်ရှိပြီး Guide Line ပေးတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“မျိုးဆက်သစ်လေးတွေ ဘယ်အခွေထွက်ထွက်၊ ဘယ်လိုပဲထွက်ထွက် အန်တီတို့ကတော့ လက်ကမ်းကြိုဆိုတယ်။ ကျေနပ်တယ်၊ ဝမ်းသာတယ်။ ကိုယ်တိုင်လည်း သီချင်းဆိုတော့ ဆိုပါတယ်။ ဒါပေမယ့်ကိုယ်နဲ့သင့်တော်တဲ့ ပွဲပေါ့ကွယ်။ ကိုယ့်အပေါင်းအသင်းနဲ့ ဘာနဲ့ မင်္ဂလာဆောင်တို့ ဘာတို့ဆိုရင် ဆိုပါတယ်”လို့ ပြောပါတယ်။
တေးသံရှင် ထား ကိုယ်တိုင်လည်း အခုအချိန်ထိ သီချင်းများ သီဆိုဖျော်ဖြေလျက်ရှိပြီး မင်္ဂလာပွဲများ၊ အလှူများမှာ သီဆိုတယ်လို့ သိရပါတယ်။ ဆက်လက်ပြီးတော့လည်း အသက်ရှင်သရွေ့ သီချင်းများကိုဆိုသွားမှာဖြစ်ပြီး ကျန်းမာရေးလည်း ကောင်းတယ်လို့ သိရပါတယ်။
“အားပေးတဲ့ ပရိသတ်ကြီးကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။ အန်တီတို့ကလည်း မသေမချင်းတော့ ဆိုဦးမှာပါ။ အားပေးပါဦးလို့။ ကျန်းမာရေးကတော့ ကောင်းပါတယ်”လို့ တေးသံရှင် ထားက ပြောပါတယ်။
You may also like these stories:
တသက်လုံး သီချင်းတွေနဲ့ပဲ ဖြတ်သန်းမယ့် အဆိုတော် မီမီဝင်းဖေ
ကံကောင်းလို့ ထုတ်ဝေသူတွေ့တဲ့အကြောင်း ဆိုလိုက်တဲ့ အဆိုတော်ဘိုဖြူ
ဂီတသက်တမ်း နှစ် ၂၀ ပြည့်မှာ တေးစီးရီးခွေ ၇ ခွေ တပြိုင်တည်း ထုတ်လိုက်တဲ့ ပိုးအိစံ