ကိုယ်ပိုင်သံစဉ် သီချင်းများကို ကိုယ်တိုင်ရေးသား၊ သီဆိုလေ့ရှိတဲ့ အဆိုတော် မာရဇ္ဇကတော့ အနုပညာ မျိုးဆက်သစ်ဆိုတဲ့ နေရာမှာ သီချင်းဆိုပြိုင်ပွဲကသူတွေ မပါဘူးလို့ ဆိုပါတယ်။
“မျိုးဆက်သစ်ဆိုတဲ့ နေရာမှာ အဆိုပြိုင်ပွဲကသူတွေ မပါဘူး။ Underground ကသူတွေ သူတို့ အရမ်း သနားစရာ ကောင်းတယ်။ ကိုယ်တိုင် ရေးတယ်၊ ကိုယ်တိုင် ဆိုတယ်၊ ကိုယ်တိုင် ဖန်တီးတယ်။ သူတို့တွေ ဂီတလောကရှေ့ကို တံခါးခေါက်ပြီးလာတာ။ သူတို့တွေ မဖြစ်ထွန်းဘူး။ တီဗီအစီအစဉ်လေးမှာ ၂ လ၊ ၃ လလောက် သူများသီချင်းတွေ ဆိုပြီး ကျော်ကြားသွားသူတွေ ရှေ့တန်းကို ရောက်တယ်။ ပိုပြီးအလုပ်ဖြစ်တယ်။ အဲ့အပေါ်မှာ ဝမ်းသာတယ်”
“ဒါပေမဲ့ Underground ကလာတဲ့ လူငယ်တွေအတွက် စိတ်မကောင်းဘူး။ ပြိုင်ပွဲဝင် ကလေးတွေက သံပတ်လေးတွေလိုပဲ သံပတ်ကုန်ရင် ရပ်သွားတယ်။ Long Time မရပါဘူး။ ပြိုင်ပွဲ မပြိုင်နဲ့ မဟုတ်ဘူး၊ ပြိုင်ပါ။ ဒါပေမဲ့ ကြိုးစားကြပါ။ ကိုယ်ပိုင်သီချင်းနဲ့ ရပ်တည်နိုင်အောင် ကြိုးစားကြပါ”လို့ မာရဇ္ဇက ပြောပါတယ်။
ဆက်လက်ပြီး မာရဇ္ဇက သီချင်းဆို ပြိုင်ပွဲတွေမှာ သူ့သီချင်းတွေကို မဆိုစေချင်ဘဲ ဆိုမယ်ဆို ခွင့်တောင်းစေချင်တယ်လို့ ပြောပါတယ်။
“ပြိုင်ပွဲတွေမှာ ကျနော့် သီချင်းကို မဆိုစေချင်ဘူး။ ဆိုတာလည်း သိပ်မတွေ့ရပါဘူး။ ဆိုလည်း ကျနော်က မတားပါဘူး။ ခွင့်တောင်းစေချင်တယ်။ ခွင့်မတောင်းရင်တော့ အသည်းပေါက်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဆိုလို့ရတယ်။ ဒါပေမဲ့ ပိုင်ရှင်ကို ခွင့်တောင်းစေချင်တယ်။ သီချင်းတပုဒ်ဖြစ်ဖို့ သိပ်ခက်တယ်။ ကျနော့်ကိုမှ မဟုတ်ဘူး။ ဘယ်သူ့သီချင်းကို ဆိုဆို လေးစားစေချင်တယ်။ အပြန်အလှန် လေးစားပါ”လို့ မာရဇ္ဇက ပြောပါတယ်။
“မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး” သီချင်းနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် မာရဇ္ဇက နောက်ပိုင်းမှာတော့ ကိုယ်ပိုင်း သီချင်းတွေပဲ သီဆိုတယ်လို့ ဆိုပါတယ်။
“ကျနော် ‘မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး’ သီချင်းနဲ့ ပရိသတ်တွေ အားပေးမှု ရရှိခဲ့တယ်။ အဲဒါ ကျနော့် ကိုယ်ပိုင် သီချင်း မဟုတ်ဘူး။ နောက်ပိုင်း ကိုယ်ပိုင်သီချင်းပဲ ဆိုတယ်။ ကျနော်ပြန်ဆိုလို့ ပေါက်တဲ့ သီချင်း တပုဒ်မှ မဆိုဘူး။ ကျနော်တို့မှာ ကိုယ်ပိုင်သီချင်းတွေ ရှိတယ်။ အခုနောက်ပိုင်း လူသစ်တွေကလည်း ပေါက်ပြီးသား သီချင်းတွေနဲ့ ရပ်တည်နေကြတယ်”
“အားလုံးက အုတ်ရောရော၊ ကျောက်ရောရော ဖြစ်နေတာ ကျနော် လက်မခံနိုင်ဘူး။ တသက်လုံး မှန်မှန်ကန်ကန် လုပ်လာတော့ အုတ်ရော ကျောက်ရော အဖြစ် မခံနိုင်ဘူး။ ကျနော် ပြန်ဆိုထားတာ ဘယ်လောက်ပေါက်ပေါက် ပရိသတ် ဘယ်လောက်ကြိုက်ကြိုက် မေတ္တာ ရပ်ခံပါတယ်။ ကျနော့်သီချင်း မဟုတ်လို့ မဆိုပါရစေနဲ့လို့ ပြောထားတယ်။ ကျနော့်သီချင်းပဲ ကျနော် ဆိုတယ်။ နောက်လည်း ကျနော် သူများသီချင်းကို ဆိုမှာ မဟုတ်ဘူး”လို့ မာရဇ္ဇက ပြောပါတယ်။
“ကျနော်တို့က ဂုဏ်ပြုပြီး ထားခဲ့ပြီးပြီ။ လုပ်စားဖို့ မဟုတ်ဘူး။ ကျနော်ကတော့ ဒီနေ့ထိ ဖန်တီးနိုင်သေးတယ်။ ဟိုတလောကပဲ တေးသံသာမှာ သီချင်းသစ် နှစ်ပုဒ် တင်ထားတယ်။ ကျနော့် ပရိသတ်တွေ ကြိုက်တယ်။ အဲ့အတွက် ဝမ်းသာတယ်။ ကျနော်တို့ နှလုံးသားတွေ အခုချိန်ထိ ရှင်သန်နေသေးတယ်။ ကျနော်က ကိုယ့်သီချင်းနဲ့ ကိုယ်ရပ်တည်မှာပါ”လို့ အဆိုတော် မာရဇ္ဇက ဆိုပါတယ်။
ဝါရင့် နိုင်ငံကျော် အဆိုတော်တဦးဖြစ်တဲ့ အဆိုတော် မာရဇ္ဇကတော့ ကိုယ်ပိုင်သံစဉ်သီချင်းများ ကိုယ်တိုင် ရေးသား သီဆိုသူ ဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော် ဂီတလောကမှာ ရပ်တည်လျက် ရှိပါတယ်။
You may also like this story:
“ကိုယ်ပိုင်သီချင်းတွေကို အသက်ရှင်သရွေ့ ဘယ်သူ့ကိုမှ ပေးမဆိုဘူး”လို့ မာရဇ္ဇ ပြော