နိုင်ငံကျော် ဝါရင့် ရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ Rock ဂီတကို ထိန်းသိမ်းဖို့ဆိုရင် ရော့ခ်ဂီတ ဘယ်ကလာလဲဆိုတာ သိဖို့လိုတယ်လို့ ဆိုလိုက်ပါတယ်။
“Rock ဂီတကို ထိန်းသိမ်းဖို့ဆိုရင် ရော့ခ်ဂီတ ဘယ်ကလာလဲဆိုတာ သိဖို့လိုတယ်။ ရော့ခ်ရဲ့ သူရဲကောင်းတွေလည်း သိဖို့လိုတာပေါ့။ ကြားဖြတ် ရော့ခ်က မိုက်တယ်ဆိုပြီး ဝင်တာတဲ့ ကလေးလည်းရှိသလို၊ တစိုက်မတ်မတ် ရူးလာတဲ့သူတွေလည်း ရှိတယ်။ သိဖို့တော့ လိုတယ်။ အဲ့လို သိမှလည်း သီချင်းတွေ ဆိုနေရတာ အဓိပ္ပာယ် ပိုရှိတာပေါ့”လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။
ဆက်လက်ပြီး အဆိုတော် ဇော်ဝင်းထွဋ်က သီချင်းဆိုပြိုင်ပွဲတွေရဲ့ သဘောတရားနဲ့ သူတို့ သီဆိုနေတဲ့ Rock ဂီတပုံစံတွေနဲ့ ကိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ပြိုင်ပွဲတွေရဲ့ သဘောတရားနဲ့ ကျနော်တို့ ဆိုတဲ့ ပုံစံတွေနဲ့တော့ ကိုက်မှာမဟုတ်ဘူး။ ပြိုင်ပွဲကျတော့ အမှတ်ပေးစည်းမျဉ်းတွေ ရှိမှာပေါ့။ Rock ကျတော့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်လုပ်ချင်တာ လုပ်မှာပေါ့။ ကိုယ်လုပ်ချင်တာလုပ်တာကို လူတွေကကြိုက်တာ၊ အရသာခံတာလေ။ ပြိုင်ပွဲနဲ့ Rock ဂီတနဲ့ကတော့ နည်းနည်း သဘောထားကွဲလွဲတာပေါ့။ အိမ်က သောကြာနေ့ညဆို ထိုင်ကြည့်နေတာနဲ့ မြင်နေရ ကြားနေရတယ်”
“ပြိုင်ပွဲဝင် ကလေးတွေက ကောင်းပါတယ်။ ဂီတလောကကို နှစ်ပေါင်း ၄၀ ကျော် ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေနဲ့ ဘယ်ကောင်ကတော့ ကြံ့ကြံ့ခံ ရပ်တည်နိုင်မလဲဆိုတာ မှန်းလို့ရတယ်။ အတွေ့အကြုံ တခုတော့ သူတို့ ရတာပေါ့။ ကျနော်ဆို မပြိုင်ရဲဘူး။ သူတို့ကိုလည်း ချီးကျူးတယ်။ သူတို့ကို စမ်းသပ်တာပဲပေါ့။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး အနေအထားမှာ ထားပါ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားပါ။ ပျော်စရာ ဂိမ်းတခုလို့ သဘောထားပြီး ဝင်ပြိုင်ပေါ့”လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။
ဒါ့အပြင် ဇော်ဝင်းထွဋ်က “ကျနော်တို့ကတော့ သီချင်းတွေ အများကြီးဆိုပြီးမှ စင်ပေါ် ကို နောက်ဆုံးမှ ရောက်တာလေ။ သူတို့ကျတော့ စင်ပေါ်ကို သီချင်း ၁ ပုဒ်၊ ၂ ပုဒ်နဲ့ ချက်ချင်း ရောက်တာဆိုတော့ အန္တရာယ်တော့ များတာပေါ့၊ အောင်မြင်မှုရဲ့ သားကောင် ဖြစ်သွားနိုင်တယ်”လို့ ဆိုပါတယ်။
အဆိုတော် ဇော်ဝင်းထွဋ်ကတော့ မကြာခင်မှာလည်း နှစ်သစ်ကူးညမှာ New Year Eve’s Rock Party ပွဲကို ရန်ကုန်မြို့၊ MCC မှာ ပြုလုပ်မှာ ဖြစ်ပြီး ဒီအကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။
“ကျနော်တို့ ပျော်တဲ့နေရာ၊ ကိုယ်အတွက် လုံခြုံတဲ့ နေရာကတော့ သီချင်းဆိုတဲ့ နေရာပေါ့။ ဒီစင်ပေါ်မှာ နေရတာ ပျော်တဲ့အတွက် နောက်တနှစ်ကိုလည်း စင်ပေါ်မှာပဲ ဖြတ်သန်းချင်တာကြောင့် New Year Eve’s Rock Party လုပ်ဖြစ်တာပေါ့။ ကျနော်တို့က အရွယ်တခု ရောက်လာပြီ။ ကိုယ့်ချည်းပဲလည်း မဖျော်ဖြေသင့်တော့တဲ့အရွယ် ရောက်နေပြီ။ နောက်ထပ် မျိုးဆက်သစ်တွေ ကိုယ့်နေရာကို ဝင်ယူမယ့် သူတွေနဲ့ ဖျော်ဖြေရတာ စိတ်ချမ်းသာတယ်။ အဲ့အတွက် ဒီပွဲမှာလည်း မျိုးဆက်သစ်တွေ ပါဝင်တာပါ”
“အခုရက်ပိုင်းသီချင်းတွေ တိုက်နေတယ်။ သီချင်းဟောင်းတွေရော၊ အသစ်တွေရော ပါမယ်။ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းဖို့ ရှိလားဆို ကျနော့်ကို သီချင်း ဘယ်လိုဆိုရလဲလို့ လာမေးဖို့ ခက်တယ်။ ပြောပြဖို့လည်း ခက်တယ်။ ကြုံရင် မေးရင် ပြောပြဖြစ်တယ်။ ကျနော်တို့လည်း အရင်ကတည်းက သင်ရတာပဲ။ ကျနော်ကတော့ ကျနော်ထက် ၁၀ နှစ်ပဲ ကြီးကြီး၊ ၁ နှစ်ပဲကြီးကြီး ကျနော် မကြုံဖူးတဲ့ အတွေ့အကြုံဆိုရင် မေးတယ်။ သေချာ နားထောင်တယ်၊ အရမ်းကို ပညာရတယ်”လို့ ဇော်ဝင်းထွဋ်က ဆိုပါတယ်။
ဝါရင့် အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ ဂီတလောကမှာ နှစ်ပေါင်း ၄၀ ကျော်ကြာ ရပ်တည်နေပြီး အခုချိန်ထိ အောင်မြင်နေတဲ့ အဆိုတော် တဦးဖြစ်ပါတယ်။
You may also like these stories:
လူငယ် အဆိုတော် နိုဗန်ထူးနဲ့ ဟန်နေတာကို ချီးကျူးလိုက်တဲ့ ဇော်ဝင်းထွဋ်
“အခုခေတ်က နေရာတိုင်းမှာ သွန်သင်ဆုံးမမှု နည်းနေတဲ့သဘော ဖြစ်နေတယ်”