အဆိုတော် ဂျီလတ်ရဲ့ တတိယမြောက် တကိုယ်တော်အခွေဖြစ်တဲ့ “ဒီဇင်ဘာ ရေဒီယို” ကို ဒုတိယအခွေပြီး ၈ နှစ်အကြာမှာ ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော် ထွက်မယ်လို့ ပြောထားတာ တော်တော်ကြာနေပြီ။ အခု ထွက်ဖြစ်ပြီပေါ့။ အချိန်ကာလက ‘အစွန်း ၂ ဖက်’ Audio နဲ့ဆိုရင် ဒီအခွေက ၈ နှစ်လောက် ကြာသွားတယ်။ ကြားထဲမှာတော့ အစွန်း ၂ ဖက် VCD ထွက်တယ်။ ဒီကြားထဲတော့ အတွဲခွေလေးတွေတော့ ထွက်တော့ ထွက်ဖြစ်ပါတယ်။ တကိုယ်တော်အခွေအနေနဲ့ကတော့ ကြာသွားတာပေါ့။ ကြာသွားတာကလည်း ကျနော်တို့မိသားစု ကျန်းမာရေး ကိစ္စလေးတွေလည်းပါတယ်။ ကျနော် ကိုယ်တိုင်ကလည်း အထနှေးတာလည်း ပါပါတယ်” လို့ ဂျီလတ်က ပြောပါတယ်။
တကိုယ်တော်အခွေ တခွေထွက်နိုင်ဖို့အတွက် နှစ်ကာလအချိန်တွေ ကြာခဲ့တာနဲ့အမျှ သီချင်းဖန်တီးတဲ့ အကြိုက်ပုံစံများလည်း ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။
“တခွေတခွေ ထွက်ဖို့ နှစ်ကာလကလည်းကြာတယ်။ အဲ့အချိန်မှာ ကျနော်တို့ အကြိုက်တွေလည်းပြောင်းလာတယ်။ အသက်အရွယ်တွေလည်း ပြောင်းလာတဲ့အခါကျတော့ အဲ့အပေါ်မှာ မူတည်ပြီးတော့ သီချင်းတွေ ပြောင်းပြောင်းသွားတာပေါ့။ သီချင်းတွေရဲ့ ပုံသဏ္ဍာန်တွေရော အတွေးအခေါ်တွေရော ပြောင်းတာပဲပေါ့။ အရွယ်တွေ ကွာသွားပြီ၊ အချိန်တွေ ကွာသွားတော့ တမင်ပြောင်းတာကြီးတော့မဟုတ်ဘူးပေါ့” လို့ ဂျီလတ်က ပြောပါတယ်။
ဆက်လက်ပြီး ဂျီလတ်က “သီချင်းတွေရဲ့ အပြောင်းအလဲကတော့ ကျနော်တို့ အသက်အရွယ်အပြောင်းအလဲပါပဲ။ ဒီအချိန်မှာ ကျနော်က ကောင်မလေးကို တယ်လီဖုန်းဆက်လို့ မရလို့ တညလုံးအိပ်လို့ မရဘူးဆိုတဲ့ စာသားမျိုးကို ဆိုစရာ အကြောင်းလည်း မရှိတော့ဘူး။ ဒီလိုတော့ ကွာသွားမှာပေါ့။ ဒီထဲမှာ နားထောင်ကြည့်ရင် ဒါမျိုးကို တွေ့ရမှာပါ” လို့ ပြောပါတယ်။
ယခု “ဒီဇင်ဘာ ရေဒီယို” အခွေမှာတော့ သီချင်း ၁၂ ပုဒ် ပါဝင်ပြီး အချစ်သီချင်း ၅ ပုဒ်နဲ့ အချစ်သီချင်း မဟုတ်တဲ့ သီချင်း ၇ ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။
“ဒီအခွေက တည်ရင်းတည်ရင်းနဲ့ အချစ်သီချင်းတွေ မပါသလို ဖြစ်လာတာ။ ၁၀ ပုဒ်လောက်မှာ အချစ်သီချင်းက မပါတော့ ပြန်ထည့်ရတာပေါ့။ တချို့ဟာလေးတွေ ရှေ့တိုးနောက်ဆုတ် လုပ်ကြရတာပေါ့။ ၅ ပုဒ်ပဲ ပါတယ်။ ကျန်တဲ့ ၇ ပုဒ်က အချစ်သီချင်း မဟုတ်တဲ့ အကြောင်းအရာလေးကို ချဉ်းကပ်ထားတာပေါ့”လို့ ဂျီလတ်က ပြောပါတယ်။
ဒီအခွေကိုတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စတင်ကာ ရောင်းချနေပြီဖြစ်ပြီး သီချင်းများကိုတော့ NC 13 Band က တီးခတ်ပေးထားပြီး တေးရေးဆရာများအနေနဲ့ အောင်ကိုမြင့်၊ ဗီနိုထွန်း၊ ကမ္ဘာ၊ မာရှယ်၊ အောင်လ၊ လင်းနစ်၊ ချစ်မင်းတို့က ရေးသားပေးထားတယ်လို့ သိရပါတယ်။
“ဒီဇင်ဘာ ရေဒီယို”ဆိုတဲ့ နာမည် ဖြစ်တည်လာတာနဲ့ ပတ်သက်ပြီးတော့လည်း ဂျီလတ်က “ဒီဇင်ဘာ ရေဒီယိုဆိုတဲ့ အကြောင်းတရားကို စကတည်းက ကျနော့် အစ်ကိုအကြီးက ကျနော်က ဒီဇင်ဘာလမှာ မွေးလို့ ဒီဇင်ဘာ ရေဒီယိုဆိုပြီး စပေးခဲ့တာ အဓိကတော့ အဲ့လို ချိတ်ဆက်မှုလေးတွေ ရှိတယ်။ ထွက်ချင်တာကတော့ မွေးနေ့မှာထွက်ချင်တာ မထွက်လိုက်နိုင်ဘူး” လို့ ပြောပါတယ်။
အဆိုတော် ဂျီလတ်ကတော့ လာမယ့် New Year မှာလည်း The Radio Bar မှာ Show ပွဲတပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
အဆိုတော် ဂျီလတ်၏ ညီ နေပြည်တော်၌ ဒဏ်ရာများနှင့် သေဆုံး
ရှေ့နှစ်ထဲ တကိုယ်တော်ခွေ ထွက်ဖို့ ကြိုးစားနေတဲ့ အဆိုတော် ဆုန်သင်းပါရ်