Entertainment

ICJ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်တဲ့ အဆိုတော် သျှီ

လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားမှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့အပေါ် အဆိုတော် သျှီက အခုလိုပဲ ပြောပါတယ်။

“ကျမက အများကြီးလည်း မမြင်တတ်ပါဘူး။ နိုင်ငံရေးသမားလည်း မဟုတ်ဘူး၊ အမေ (ဒေါ်အောင်ဆန်းစုကြည်) ကို ချစ်တယ်။ အမေ့ရဲ့ တာဝန်ယူမှုကိုလည်း ပိုပြီးအံ့သြတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မေးကြည့်တာပေါ့။ ကိုယ်ဆိုရင်ရော အဲ့လို တာဝန်ယူနိုင်မလား။ အမေ့ကို ပိုအံ့သြတယ်။ ဒီလိုမျိုး တကယ်ကို ထူးခြားတဲ့ ပါရမီရှင်ပါပဲ။ မေတ္တာစိတ်ကလည်း အပြည့်၊ သည်းခံစိတ်ကလည်း အပြည့်။ ကိုယ့်ကို စွပ်စွဲပြောဆိုနေတဲ့ ပြဿနာအကြီးကြီးကို အေးအေးလေးနဲ့ ရင်ဆိုင်သွားတာဟာ ကျမတို့ အတုယူရမှာတွေပေါ့”

“အမေ့လို တည်ငြိမ်နိုင်ဖို့ အတုယူနေရတယ်။ ကိုယ်တွေ မစွမ်းဆောင်ပေးနိုင်တာတွေကိုလည်း အားနာတယ်။ ကိုယ့်နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်နေတဲ့အတွက် မိဘလိုပဲလေ။ အားနာတယ်။ အမေ့အတွက် စိတ်မကောင်းဘူး။ အဲ့ရက်တုန်းက Emotion တွေ အများကြီးပါပဲ။ အခုပြန်ရောက်မှ စိတ်အေးရတယ်”လို့ အဆိုတော် သျှီက ပြောပါတယ်။

ဆက်လက်ပြီး အဆိုတော် သျှီက နိုင်ငံရေးသမား တယောက်အနေနဲ့ မဟုတ်ဘဲ အနုပညာသမား ဖြစ်တဲ့အတွက် ပြည်သူတယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်း အခုလိုပဲ ဆိုပါတယ်။

“ကျမက နိုင်ငံရေးသမားတယောက် အနေနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။ အနုပညာသမားဖြစ်တဲ့ အတွက် အနုပညာသမား တယောက်အနေနဲ့၊ ပြည့်သူတယောက်အနေနဲ့ အမေ့ကို ရပ်တည်မယ်။ အနုပညာရှင်ဆိုတာကလည်း ပြည်သူထဲက ပြည်သူပဲလေ။ ဒီနိုင်ငံမှာနေတယ်၊ ဒီနိုင်ငံကို ချစ်တယ်၊ ဒီနိုင်ငံ အရွေ့အပြောင်းနဲ့ ကိုယ်ထောက်ခံတဲ့ အစိုးရကို တတ်နိုင်သလောက်ဝိုင်းပြီး ဝန်းရံနေမှာပါ။ အမေစုပေါ်မှာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်တယ်။ မယုံတဲ့သူလည်း ရှိမှာပဲ။ အမေ အေးအေးဆေးဆေးလေး လုပ်သွားတာ သမိုင်းမှာတော့ ကျန်မှာပဲ”

“တသက်လုံး လေးစားနေမှာပါ။ အမေ့အတွက် အမြဲဆုတောင်းနေတယ်။ ကိုယ်စိတ်ပူတာနဲ့ အမျှ အမြဲကို ဆုတောင်းနေတာ။ ကောင်းမှုတွေ လုပ်ရင်လည်း အမေစု ထပ်တူရပါစေဆိုတာ ဆုတောင်းပေးတယ်။ အမေကျန်ရှိတဲ့ အချိန်တွေမှာ သူလိုချင်တဲ့ နိုင်ငံတခုအဖြစ် ပုံသွင်းပေးခဲ့တဲ့ နိုင်ငံတခု ဖြစ်စေချင်တယ်။ အမေအသက်ရှည်ပါစေ၊ ကျန်းမာနေပါစေ၊ နောက်ဖြစ်စေချင်တာတခုက မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေစေချင်တယ်”လို့ သျှီက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် သွားရောက် ဖြေရှင်းပေးနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်ကြောင်း ပြသတဲ့ ထောက်ခံပွဲများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအဝင် အခြားမြို့များမှာလည်း ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအား အစီရင်ခံ တင်ပြသည့် မိန့်ခွန်း ပြောကြားခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့က၊ ည ၈ နာရီ အချိန်၊ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံ ရေဒီယိုတို့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

You may also like these stories:

ICJ မှာ ရင်ဆိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အဆိုတော် လိမ္မော်သီးနဲ့ Dee

နိုင်ငံခြားသတင်းဌာနတွေအောက်မှာ ဆဲဆိုတဲ့ Comment တွေ မပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့ ဇဏ်ခီ

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအနှံ့ ထောက်ခံပွဲများပြုလုပ်

Loading