ထင်ရှားကျော်ကြားဆဲ ပရိသတ်ရင်ထဲ ရောက်အောင် ရေးသား သီဆိုနိုင်တဲ့ သီချင်းများရဲ့ပိုင်ရှင်၊ တေးရေး၊ တေးဆို ကိုအောင်က သူ့ရဲ့တကိုယ်တော် သီချင်းအခွေသစ်အတွက် ပြင်ဆင်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“နည်းနည်းပါးပါး ရေးတယ်၊ နည်းနည်းပါးပါး ဆိုတယ်။ လုပ်တော့ လုပ်နေတယ်။ တယောက်တည်း အခွေလုပ်ဖို့ ၆ ပုဒ်၊ ၇ ပုဒ်လောက်ပါတဲ့ အခွေလေး စတော့စနေပြီ”လို့ ကိုအောင်က ပြောပါတယ်။
အဆိုပါ အခွေအတွက် သီချင်းတွေကိုလည်း ကိုအောင်က သူရေးနေကျ ပုံစံအတိုင်းပဲ ပြုလုပ်နေတာဖြစ်ပြီး အတွေးထဲက ပုံစံအတိုင်း ပုံဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော့် သီချင်းတွေ၊ ကျနော် ရေးနေကျ ပုံစံတွေပါပဲ။ အသစ်တွေပဲပေါ့။ အကြောင်းအရာတွေကတော့ အတွေးထဲက ပုံစံအတိုင်းပဲ။ စိတ်တွေကလည်းပြောင်း၊ အသက်အရွယ်ကလည်းပြောင်း၊ အားလုံးပဲ ပြောင်းကြတော့ ဒီလိုပဲပေါ့။ အားလုံးကလည်း ပြောင်းနေတော့လေ” လို့ ကိုအောင်က ပြောပါတယ်။
လက်ရှိ ဂီတရေစီးကြောင်းအပေါ် သူ့ရဲ့ အမြင်ကိုလည်း “ဂီတရေစီးကြောင်းကတော့ စီးနေတာပါပဲ။ အရှေ့ကလူတွေရော၊ နောက်က လူတွေရော လုပ်နိုင်သလောက်လေး လုပ်နေကြတာပဲ။ ကောင်းပါတယ်” လို့ ကိုအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ တန်ဆောင်တိုင်ကလည်း ကိုအောင်ရဲ့ သီချင်းအသစ်တပုဒ်ဖြစ်တဲ့ “မီးပုံပွဲ” ဆိုတဲ့ သီချင်းကိုလည်း Tay Than Thar မှာ ထွက်ရှိထားပါတယ်။
“တေးသံသာနဲ့ တန်ဆောင်တိုင်လောက်တုန်းက သီချင်းအသစ် ထွက်ထားတယ်။ အဲဒါ လောလောဆယ် တပုဒ် ထွက်ထားတယ်။ အဲဒါ ကျနော်တို့ ရှမ်းပြည်နယ်ရဲ့ ဆောင်း၊ မီးပုံပွဲအကြောင်းလေးပေါ့။ နောက်တပုဒ် ရှိသေးတယ်။ “အရိပ်”ဆိုတဲ့ သီချင်းလေး ထွက်ဖို့ရှိသေးတယ်” လို့ ကိုအောင်က ပြောပါတယ်။
ကိုအောင်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကိုလည်း စက်တင်ဘာလအတွင်းက ရန်ကုန်မြို့ရှိ Radio Bar မှာပြုလုပ်ခဲ့ပါတယ်။ ကိုအောင်ကတော့ တေးသီချင်းများစွာကို ဖန်တီးသီဆို ရေးသားခဲ့သော်လည်း တခြားအဆိုတော်များက သူ့ရဲ့သီချင်းကို ပြန်လည် သီဆိုတဲ့အချိန်မှာ သူ့ရဲ့သီချင်းဟာ ပေါက်သွားတဲ့ပုံစံမျိုးလည်း ဖြစ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ နာမည်ကြီးနေတဲ့အဆိုတော်များဟာ ကိုအောင် ရေးသား သီဆိုထားတဲ့ သီချင်းများနဲ့ နာမည်ကြီးရတယ်အထိ ပြောလို့ရအောင် ကိုအောင့် သီချင်းများက ကောင်းခဲ့ပါတယ်။
“ကြယ်တွေစုံတဲ့ည” ၊ “နွေဦးပုံပြင်” ၊ “အရင်ကဇာတ်လမ်း” အစရှိတဲ့ တေးသီချင်းကောင်း များစွာနဲ့အတူ ဂီတသက်တမ်းတလျှောက်မှာ တကိုယ်တော် အခွေများဖြစ်တဲ့ “ကြယ်တွေစုံတဲ့ည” ၊ “ချစ်ခြင်းရဲ့ကဗျာ” အခွေများ ထွက်ရှိထားပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့မှာလည်း Radio Bar မှာပြုလုပ်မယ့် ဂီတဖျော်ဖြေပွဲတခုမှာ ကိုအောင် ပါဝင် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
You may also like these stories:
၈ နှစ်အကြာမှာ တတိယ တကိုယ်တော်ခွေ ထွက်လာတဲ့ အဆိုတော် ဂျီလတ်
“Rock ဂီတကို ထိန်းသိမ်းဖို့ဆိုရင် ရော့ခ်ဂီတ ဘယ်ကလာလဲဆိုတာ သိဖို့လိုတယ်”