Entertainment

မြန်မာသံစဉ် သီချင်းတွေ အရေးကျဲသွားတဲ့အကြောင်း ပြောပြတဲ့ တေးရေး သဟာအောင်

Want create site? Find Free WordPress Themes and plugins.

အဆိုတော် မနော သီဆိုထားတဲ့ လူကြိုက်များတဲ့ သီချင်းတော်တော်များများကို ရေးသားပေးတဲ့ တေးရေးဆရာ သဟာအောင်ကတော့ အခုနောက်ပိုင်းမှာ မြန်မာသံစဉ် သီချင်းများရေးတာ အရင်ကလောက် ရေးမထွက်တော့ဘဲ ကျဲပါးလာတယ်လို့ ပြောပါတယ်။

“သီချင်းတွေကို ကျနော် Mono ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ထပ်ပြီးတော့ လုပ်နေတယ်။ သီချင်းအရေးကတော့ နည်းနည်းတော့ ကျဲသွားတာပေါ့။ အများကြီးရေးဖို့လည်း မထွက်တော့ဘူးဆိုတော့ တပုဒ်တပုဒ် အချိန်ယူပြီး ရေးရမယ့်သဘော ဖြစ်သွားတာပေါ့။ Mono ချစ်တဲ့ ပရိသတ်တွေကို ပုံစံလေး မတူအောင်၊ ပြီးတော့ နားထဲလည်း အဆင်ပြေအောင် ကြိုးစားနေပါတယ်” လို့ သဟာအောင်က ပြောပါတယ်။

မြန်မာသံစဉ် သီချင်းများကို ဖန်တီးရတဲ့အခါ ဖန်တီးရတဲ့ ဂီတ အမျိုးအစားက အရမ်းမများတဲ့အတွက် ဘောင်ကျဉ်းပြီး ဂရုစိုက်ရေးရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ပြောရမယ်ဆိုရင် ကျေးလက်ဂီတလို့တောင် ပြောလို့ ရတယ်။ ဘောင် နည်းနည်းကျဉ်းတယ်ပေါ့။ ဖန်တီးရတဲ့ အမျိုးအစားတွေက အရမ်းမများဘူးလေ။ ဖိစီးမှုတွေ ရှိတယ်။ သီချင်းတွေ သံစဉ်တွေ ထပ်မှာ စိုးရတယ်။ အဲဒါကြောင့် ဂရုစိုက်ပြီး ရေးနေရတယ်” လို့ သဟာအောင်က ပြောပါတယ်။

မြန်မာသံစဉ်ကိုပဲ ဆန်းသစ်လိုက်ရင် စတူဒီယိုသီချင်းပုံစံ ဖြစ်သွားမှာ ဖြစ်တဲ့အတွက်လည်း ကြိုးစားရေးသားနေရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့လုပ်တဲ့ ဂီတအနေအထားက ဘောင် ကျဉ်းကိုကျဉ်းတယ်။ အမျိုးအစား အများကြီး မရှိဘူး။ ကျနော်တို့ ခေါ်နေတဲ့ ကာလပေါ်ပဲ ရှိနေတာကို စတူဒီယိုလောကလို အော်တာနေးတစ်တို့၊ Slow Rock တို့၊ Modern Rock တို့၊ ဒီလို ဂီတလိုင်းစုံ မရှိဘူး။ ရှိတာလေးကို နွယ်ပြီးတော့ ဒါကို အရမ်းသစ်လိုက်ရင် Mono မဟုတ်တော့ဘဲ စတူဒီယိုဘက်ကို ရောက်သွားမယ်။ အဲ့လိုဆို မကိုက်ညီဘူး ဖြစ်သွားမှာ နည်းနည်းတော့ ကျပ်တာပေါ့” လို့ သဟာအောင်က ပြောပါတယ်။

မြန်မာသီချင်းများကိုတော့ နယ်ပရိသတ်က အဓိကအားပေးကြတာဖြစ်ပြီး ဒီဘက်ခေတ်နဲ့ ကိုက်ညီတဲ့ မြန်မာသီချင်းတွေကို ဖန်တီးပေးရတယ်လို့ သိရပါတယ်။

“မြန်မာသီချင်းတွေကတော့ အဓိကက နယ်ကပရိသတ်ပေါ့။ တော်တော်များများ အားပေးကြတယ်။ ကျနော်တို့ နယ်မှာလည်း ဟိုတုန်းကတည်းက ဒါတွေပဲ နားထောင်လာခဲ့ကြတာလေ။ စတူဒီယိုသီချင်းတွေလည်း ရှိပါတယ်။ နယ်ဘက်က ကျတော့ Mono သီချင်းကို ပိုကြိုက်ကြတယ်။ ကျနော်တို့ သီချင်းတွေ ကျပြန်တော့လည်း မြန်မာသံစဉ် အစစ်ကြီးတော့ မရတော့ဘူး။ ဒီဘက်ခေတ်နဲ့ ကိုက်ညီအောင် ကြိုးစားပြီး ရေးနေရတာပါပဲ”လို့ သဟာအောင်က ပြောပါတယ်။

လတ်တလောမှာလည်း သဟာအောင်က မြန်မာသံအဆိုတော် ခင်ပိုးပန်းချီရဲ့ “ခမ်းနားတဲ့အလှူ” အခွေထဲမှာ ပါဝင်သီဆိုပေးထားပြီး သူ့ရဲ့အခွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

“ကျနော် အခွေလေးလည်း လုပ်နေတယ်။ စတူဒီယို အခွေလည်း လုပ်မယ်ပေါ့။ Mono စတူဒီယို သံစဉ်လေးလည်း ထွက်ဖို့လုပ်နေတယ်။ အရင်ကလည်း ရေးပါတယ်။ မှာတဲ့သူရှိရင် စတူဒီယိုလေးလည်း ရေးတယ်။ Pop တို့ဘာတို့ ရေးပေးဖူးတဲ့ အဆိုတော်တွေလည်း နည်းနည်းပါးပါး ရှိတယ်။ အဓိကကတော့ မြန်မာသံစဉ်နဲ့ ပတ်သက်တာပဲ မှာကြတော့ အဲဒါပဲ ရေးဖြစ်နေတယ်” လို့ သဟာအောင်က ပြောပါတယ်။

တေးရေး သဟာအောင် ရေးသားထားတဲ့ သီချင်းတွေကတော့ အဆိုတော် မနောရဲ့ နောက်ထပ် ထွက်မယ့် အခွေတွေထဲမှာလည်း ပါဝင်မယ်လို့ သိရပါတယ်။

You may also like these stories:

တကိုယ်တော်ခွေ အသစ်ထွက်ဖို့ လုပ်နေတဲ့ တေးရေး၊ တေးဆို ကိုအောင်

၈ နှစ်အကြာမှာ တတိယ တကိုယ်တော်ခွေ ထွက်လာတဲ့ အဆိုတော် ဂျီလတ်

Did you find apk for android? You can find new Free Android Games and apps.
Loading