နိုင်ငံကျော် အဆိုတော် ဝေလက သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်နေကြတဲ့ ပြိုင်ပွဲဝင်တွေကို ပြိုင်ပွဲမှာ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ်ပိုင်သီချင်းနဲ့ ရှေ့ဆက် လျှောက်စေချင်တယ်လို့ ဆိုပါတယ်။
“အဆိုပြိုင်ပွဲဆိုတာ အမှတ်တွေ Voting တွေနဲ့ သွားကြတာ၊ ကျနော်တို့ကတော့ အရင်ကတည်းကလည်း မပြိုင်ခဲ့ဘူး။ ကိုယ်တတ်သလောက်လေး ကြိုးစားပြီး အခွေ ထုတ်ဖြစ်တယ်။ ကျနော်တို့လိုပဲ ကြိုးစားနေတဲ့သူတွေလည်း အများကြီးပါ။ အဆိုပြိုင်ပွဲတွေကိုတော့ တစိုက်မတ်မတ် မကြည့်ဖြစ်ဘူး၊ Facebook သုံးလို့ တွေ့ရင်တော့ ဝင်ကြည့်ဖြစ်တယ်၊ ပြိုင်ပွဲဖြစ်တာကြောင့် ပြိုင်ပွဲ စည်းမျဉ်းတွေ၊ ဘောင်တွေကနေတော့ ဆိုရမှာပေါ့”
“ပြိုင်ပွဲတုန်းကတော့ သူများ လှေကားတွေနဲ့တက်ခဲ့ပြီး ကိုယ့်လှေကား ကိုယ်ထောင်ပြီးတော့ ကိုယ့်သီချင်း ကိုယ်လုပ်ပြီး ဆက်သွားစေချင်တယ်။ ဒါမှလည်း ကြိုးစားမှုတွေ အရာထင်မယ်။ တချို့ ဝမ်းနည်းပြီး ငိုတာလည်း တွေ့တယ်။ ပြိုင်ပွဲက ဘဝ မဟုတ်သေးပါဘူး။ ဥပမာပြောရရင် သူများအင်္ကျီပဲ အမြဲဝတ်ပြီး ဂေါ်လီလုပ်နေလို့မှ မရတာ။ ကိုယ်ပိုင်တော့ ရှိရမှာပေါ့။ အပြုသဘော အကြံပေးတာ။ ဘာစိတ်မှ မရှိဘူး။ ပြိုင်ပွဲမှာ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ်ပိုင်သီချင်းလေးနဲ့ ရှေ့ဆက် လျှောက်စေချင်တယ်”လို့ ဝေလက ပြောပါတယ်။
၂၀၁၁ ခုနှစ် မတိုင်ခင်ကတည်းက ကြိုးစားလာခဲ့ရတယ်ဆိုတဲ့ ဝေလက မျိုးဆက်သစ်တွေလည်း ကြိုးကြိုးစားစားနဲ့ အလုပ်ကို တစိုက်မတ်မတ် လုပ်စေချင်တယ်လို့ ဆိုပါတယ်။
“ကျနော် အခွေ တခွေထွက်ပြီးတာတောင် စင်ပေါ် တက်ဆိုဖို့ကို တော်တော် မလွယ်ခဲ့ဘူး။ အဲ့အချိန်တုန်းက စင်ပေါ်တက်ဆိုရင်တောင် အနုပညာကြေး မရတာတွေ ရှိတယ်။ မရလည်း တက်ဆိုခဲ့ပြီး ကြိုးစားခဲ့ရတာပဲ။ ကျနော် ၁၉၉၉၊ ၂၀၀၀ မှာ သီချင်းတွေသွင်းပြီး မထွက်ဖြစ်တာ၊ ၂၀၁၁ လောက်ကျမှ ခွေစထွက်တာ၊ အများကြီး ကြိုးစားခဲ့ရတယ်။ ဝမ်းသာစရာ ရှိသလို ဝမ်းနည်းစရာလည်း ရှိတာပဲ။ အဆိုးနဲ့ အကောင်းကို တစိုက်မတ်မတ် လုပ်ရမှာပဲ။ မျိုးဆက်သစ်တွေလည်း ကြိုးကြိုးစားစားနဲ့ ကောင်းကောင်းဆိုးဆိုး အလုပ်ကို တစိုက်မတ်မတ် လုပ်ကြစေချင်တယ်”
“လတ်တလော စာရိတ္တ အယ်ဘမ်လ်ကို Music Video ရိုက်ဖို့ လုပ်နေပါတယ်။ ဇာတ်ဝင်သီချင်းတွေလည်း မရေးဖြစ်သေးပါဘူး။ ဇာတ်ကားတကားကို ကြည့်ပြီး ရေးရမှာဆိုတော့ ကိုယ်တိုင်လည်း သူများ အပ်ထားတဲ့ သီချင်းတွေရေးနေတာနဲ့ အလုပ်တွေလည်း မအားနေတာကြောင့် ဇာတ်ဝင်တေးတွေ မရေးပေးဖြစ်သေးဘူး။ ကိုယ့်သီချင်း ဇာတ်ကားထဲ ထည့်သုံးတာတွေတော့ ရှိပါတယ်”လို့ ဝေလက ပြောပါတယ်။
အဆိုတော် ဝေလကတော့ “၁၉၈၂”၊ “မိတ်ကပ် မကြိုက်သော သီချင်းများ”၊ “အဓိပတိဖွား”၊ “ကုတင်အမှတ် ၁၈”၊ “အတုများတဲ့မြို့” ၊ “စာရိတ္တ” စတဲ့ တကိုယ်တော်အခွေ များထွက်ရှိထားပါတယ်။
You may also like these stories:
“တကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့်” အဆိုတော်ဝေလ
တန်ဆောင်တိုင်ပွဲ ခံစားချက်တွေ ပြောပြတဲ့ အဆိုတော်ဝေလ
ပထမဆုံး တကိုယ်တော်ပွဲမှာ သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေမယ့် ဝေလ