ဒါရိုက်တာကြီး James Cameron ရဲ့ ရုံဝင်ငွေစာရင်းထိပ်ဆုံးမှာ ၂၂ နှစ်ကြာ ရပ်တည်ခဲ့တဲ့ စံချိန်ဟာ “Avengers: Endgame” ရုပ်ရှင်ကျမှ ကျိုးပျက်ခဲ့ရပေမယ့် ကနေဒါဒါရိုက်တာ Cameron ကတော့ မကြာခင် ထိပ်ဆုံးကို ပြန်ရောက်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။
အခုနှစ်အစောပိုင်းမှာ “Avengers: Endgame” ရုပ်ရှင်ဟာ ကမ္ဘာ့ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် ၂၀၀၉ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Avatar” ရုပ်ရှင်ကို ကျော်တက်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာ Anthony နဲ့ Joe Russo တို့ရိုက်ကူးထားတဲ့ “Endgame” ရုပ်ရှင်ဟာ ရုံဝင်ငွေ ဒေါ်လာ ၂ ဒဿမ ၇၈ ဘီလီယံရရှိခဲ့တဲ့ “Avatar” ရုပ်ရှင်ကို ဝင်ငွေ ဒေါ်လာ ၂ ဒဿမ ၇၉ ဘီလီယံနဲ့ ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်က ဖြန့်ချိခဲ့တဲ့ ဒါရိုက်တာကြီး Cameron ရဲ့ “Titanic” ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၂ ဒဿမ ၁၈ ဘီလီယံနဲ့ ကမ္ဘာတတိယ ဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် ရပ်တည်နေတာကိုလည်း တွေ့ရပါတယ်။
“Avatar” နောက်ဆက်တွဲရုပ်ရှင်တော်တော်များများကို ဖန်တီးထုတ်လုပ်နေတဲ့ Disney ဟာ မကြာခင် “Avatar” ရုပ်ရှင်ကို ရုံပြန်တင်ဖို့ရှိနေပြီး ဒါရိုက်တာကြီး Cameron ကတော့ သူ့ရဲ့ သိပ္ပံစိတ်ကူးယဉ် ဒရာမာ ရုပ်ရှင်ဟာ မကြာခင် ထိပ်ဆုံးကို ပြန်ရောက်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
USA Today မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဒါရိုက်တာကြီး Cameron က “သေချာပေါက်ဖြစ်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါပေမယ့် ‘Endgame’ အတွက် အချိန်ပေးလိုက်ကြမယ်။ ပြီးတော့ ရုပ်ရှင်တွေကို သွားနေကြတဲ့ လူတွေအတွက် ဂုဏ်ပြုပေးကြမယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရုံဝင်ငွေ ရလဒ်တွေဟာ အရမ်းကို အားကျဖို့ကောင်းပြီး တွန်းအားဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
မူရင်း “Avatar” ရုပ်ရှင်တွေကို နောက်ဆုံးတွဲဇာတ်လမ်း သုံးခု မတင်ခင် ရုံတင်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်ဆက်တွဲ ဇာတ်လမ်း ၃ ခုထဲက ပထမဆုံးဇာတ်လမ်းကို ၂၀၂၁ ခုနှစ်မှာ ရုံတင်ဖို့ ပြင်ဆင်ထားပါတယ်။ Marvel စတူဒီယိုကနေ ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်အတွက်လည်း သူတော်တော်လေး ပျော်ရွှင်မိတဲ့အကြောင်း ဒါရိုက်တာကြီးက ပြောဆိုထားပြီး “Titanic” ရဲ့ရုံဝင်ငွေစာရင်းကို ကျော်တက်သွားတဲ့အချိန်မှာ ကနဦး ဂုဏ်ပြုစကားကို ပြောဆိုခဲ့ပါတယ်။
အခုလိုမျိုး ဂုဏ်ပြုစကားတွေကို ပြောဆိုထားပေမယ့် သူဟာ ထိပ်ဆုံးကို ပြန်ရောက်နိုင်ဖို့ စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့ ဒါရိုက်တာတွေ အချင်းချင်းက သမားရိုးကျ အစဉ်အလာကနေ ဖောက်ထွက်ပြီး ရုပ်ရှင်အသစ်တခုက ဝင်ငွေအများဆုံး ရုပ်ရှင် ဖြစ်လာတဲ့အခါမျိုးမှာ ဂုဏ်ပြုစကားတွေကို ပြောဆိုလေ့ရှိကြပါတယ်။
၁၉၉၇ ခုနှစ်မှာ “Jaws” ရုပ်ရှင်ကို ကျော်တက်ပြီး “Star Wars” ရုပ်ရှင်က ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့တဲ့ အချိန်မှာ ဒါရိုက်တာ George Lucas ကို ဒါရိုက်တာ Steven Spielberg က ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ Lucas ကလည်း “Star Wars” ရုပ်ရှင်ကို ကျော်တက်သွားတဲ့ “E.T.” ရုပ်ရှင်ကိုလည်း ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။
ဒါရိုက်တာကြီး Steven Spielberg ကလည်း “Titanic” ရုပ်ရှင်ရဲ့အောင်မြင်မှုအတွက် ဒါရိုက်တာ Cameron ကို ချီးကျူး ဂုဏ်ပြုကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
Ref: etcanada
You may also like these stories:
“Avatar” ကို ကျော်ဖြတ်ပြီး Box Office ထိပ်ဆုံးနေရာကို ရယူနိုင်လိုက်တဲ့ “Avengers: Endgame”
ဒေါ်လာ ၃၅ သန်းထပ်ရမှ “Avatar” ကို ကျော်ဖြတ်နိုင်မယ့် တကျော့ပြန် “Avengers: Endgame” ရုပ်ရှင်