Entertainment

“သီချင်းဆိုပြိုင်ပွဲတွေကို ဝေဖန်ဖို့ မရှိပါဘူး” လို့ အဆိုတော်သျှီ ပြော

Rock သီချင်းတွေနဲ့ ပရိသတ် အားပေးမှု ရရှိထားပြီး အဆိုတော် သျှီက ဂီတမျိုးဆက်သစ်တွေကို ကိုယ်ရွေးချယ်တဲ့ လမ်းပေါ်မှာလည်း ယုံယုံကြည်ကြည် နဲ့ လျှောက်လှမ်းစေချင်ပြီး သီချင်းဆိုပြိုင်ပွဲက အဆိုတော်တွေကိုတော့ ဝေဖန်ဖို့ မရှိပါဘူးလို့ ဆိုပါတယ်။

“အဆိုပြိုင်ပွဲတွေကို သေသေချာချာ ထိုင်မကြည့်ဖြစ်တာကြာတော့ တချို့အဆိုပြိုင်ပွဲတွေဆို ကိုယ်မသိတာတောင်ရှိတယ်။ အဲ့အတွက် ပြိုင်ပွဲတွေကို ဝေဖန်ဖို့လည်းမရှိပါဘူး။ မျိုးဆက်သစ်တွေက အရမ်းတော်ကြတယ်။ လေ့လာဖို့လည်း အရမ်းလွယ်ကူတဲ့ ခေတ်ဖြစ်နေတယ်။ အွန်လိုင်းကနေ လည်း သင်ချင်တာတွေ သင်လို့ရနေတော့ ဒီကလေးတွေမှာလည်း လေ့လာစရာတွေ သင်ယူစရာတွေ အပြည့်ပဲ”

“ ကိုယ့်အချိန်တွေကို လေ့လာပါ။ သင်ယူပါ။ ကိုယ်ဘာလုပ်ချင်တာလည်း ဆိုတာသိဖို့ အရေးကြီးတယ်။ သီချင်းဆိုမယ် ဆိုလည်း ကိုယ်ဘယ်ဂီတအမျိုးဆိုကြိုက်တာလည်း ဘာ Music ကို ကြိုက်တာလည်း ဘယ်လမ်းကြောင်းလည်း မေးပေါ့။ ကိုယ့်ကိုယ်ကို က အသေချာဆုံးပဲ။ ဘေးလူက ဘာမှမသိမသေချာ ဘူးလေ”

“ ကိုယ်သေချာရွေးချယ်နိုင်ရင် တသားတည်းကို ဖြစ်တာပေါ့နော်။ ကိုယ်ရွေးချယ်တဲ့ လမ်းပေါ်မှာလည်း ယုံယုံကြည်ကြည် ရဲရဲရင့်ရင့်ရှိရမယ်။ နံပါတ်၁ မှန်ကန်ဖို့လိုတယ်။ မှန်ကန်တဲ့အပေါ်မှာ ရဲရဲရင့်ရင့်လျှောက်ပါ။ အောင်မြင်ပါစေ ဆုတောင်း ပေးချင်ပါတယ် ”လို့ သျှီကပြောပါတယ်။

ဂီတသက်တမ်း၂၂ နှစ်ရှိပြီဖြစ်တဲ့ သျှီက သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ဖို့ ကမ်းလှမ်းခံရပေမယ့်လည်း ကိုယ်တိုင်က သနားတတ်တာကြောင့် ဒိုင်မလုပ်ဖြစ်သေးဘူးလို့ ဆိုပါတယ်။

“ကျမကို အကဲဖြတ်ဒိုင်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။ ဒါပေမယ့်မလုပ်ဖြစ်ပါဘူး။ မလုပ်ဖြစ်တာကလည်း ကိုယ့်စိတ်က အဓိကပါပဲ။ ကျမစိတ်က စိတ်မကောင်းဖြစ်တတ်တယ်။ ဒိုင်နေရာက ကျမနဲ့ သိပ်မကိုက်ဘူး။ အဲ့ဒါကြောင့် မလုပ်ဖြစ်တာပါ။ အခွေကတော့ အကုန်ပြီးနေပြီ”

“ တခုပြောချင်တယ်။ အခွေအရရော ဖြတ်သန်းမှုအရရော တခွေလုံး ကိုယ်ပိုင်သီချင်းဖြစ်နေတဲ့အခါ သီချင်းတွေထဲမှာ အနှစ်သာရမိအောင် ပိုလုပ်လိုက်နိုင်တယ်လို့ခံစားရတယ်။ ကျမတို့ခေတ်တုန်းက ပျော်ဖို့ ကောင်းတယ် အဲဒီတုန်းက တူရိယာတွေ ဆိုလည်း အသံ သွင်းပြီဆို တပြိုင် တည်းဆို၊ တပြိုင်တည်း တီးကြတာ ပျော်ဖို့ကောင်းတယ်”

“ စုစည်းမှုအားလည်း ပိုကောင်းခဲ့ကြ မယ်ထင်တယ်။ အဲဒီလိုပါပဲ။ ခေတ်တွေကွာ သွား တာပေါ့။ ခေတ်တွေ ကွာတော့ လူ တွေကွာမယ်။ ခေတ် တခေတ်နဲ့ တခေတ် မှာတော့ အနည်းနဲ့အများ တော့ ပြောင်းလဲမှုတွေ ကတော့ ရှိမှာပေါ့”လို့ သျှီကပြောပါတယ်။

မြန်မာပြည်ရဲ့ Rock ဂီတလောကထဲမှာ အမျိုးသမီးအဆိုရှင်ဆိုတာ လက်ချိုးရေတွက်လို့ ရပါတယ်။ အဲဒီထဲမှာအဆိုတော် သျှီတယောက် ပါဝင်ခဲ့ပါတယ်။ သျှီဟာ ၁၉၉၇ ခုနှစ်က “ဂန္ဓာရီ” ဆိုတဲ့ တေးစီးရီးနဲ့ ဂီတလောကထဲ ဝင်ရောက်လာသူ အမျိုးသမီး Rock တေးသံရှင်တယောက်ဖြစ်ပါတယ်။

You may also like these stories:

ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ

“သီချင်းဆိုပြိုင်ပွဲက ဘဝ မဟုတ်ဘူး”လို့ ဆိုလိုက်တဲ့ အဆိုတော် ဝေလ

“မျိုးဆက်သစ်ဆိုတဲ့ နေရာမှာ အဆိုပြိုင်ပွဲကသူတွေ မပါဘူး”လို့ အဆိုတော် မာရဇ္ဇ ပြော

Loading