ဂီတကို ဝါသနာပါပြီး အတူတကွ ဖန်တီးမှုများပြုလုပ်ခဲ့ကြတဲ့ ဂျီလတ်ကတော့ ယခုနှစ်အတွင်း ညီဖြစ်သူ တေးရေးကမ္ဘာကို ဆုံးရှုံးလိုက်ရတာဟာသူ့အတွက် အကြီးကျယ်ဆုံး ဆုံးရှုံးမှုတခုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
“ကျနော့်အတွက်တော့ အကြီးကျယ်ဆုံး ဆုံးရှုံးမှုပါပဲ။ ဒီထက်ဆုံးရှုံးစရာဘာမှ မရှိတော့ပါဘူး။ သူနဲ့ကျနော်က အပေါ်အောက် ဆိုတော့ တသက်လုံး အနီးကပ်နေခဲ့ကြတာပေါ့။ နှစ်ပေါင်း ၃၀ကျော်နေလာခဲ့ကြတာ။ သူ့သီချင်းတွေ အကုန်လုံးက ကျနော်သိနေတာပဲပေါ့”
“ငယ်ငယ်ကတည်းက ဒီဂီတကိုပဲလုပ်ကြမယ်လို့ တွေးခဲ့ကြတော့ သီချင်းတွေကရှိတယ်။ သူ့သီချင်းတွေကတော့ ကျနော်ဆီမှာ အသစ်လိုပဲရှိနေခဲ့တာပါ။ ဘယ်သူမှ မသုံးရသေးဘဲနဲ့ သိမ်းထားခဲ့တာတွေရှိပါတယ်။ ဒါလေးတွေကို အခွေထဲမှာပါနိုင်ဖို့ ကြိုးစားကြတာပေါ့” လို့ ဂျီလတ်ကပြောပါတယ်။
ယခုရက်ပိုင်းအတွင်းက ထွက်ရှိခဲ့တဲ့ ဂျီလတ်ရဲ့ တကိုယ်အခွေဟာလည်း ကမ္ဘာ့ကို ကိုယ်စားပြုပြီး သီချင်းတွေကလည်း သူ့ကိုရည်ညွှန်းတဲ့ သီချင်းတွေများတယ်လို့ ပြောပါတယ်။
“ဒီအခွေကတော့ သူ့ကိုကိုယ်စားပြုပါတယ်။ သူဆုံးသွားတဲ့အချိန်မှာ ကျနော် ၂လလောက် ဘာအလုပ်မှလုပ်လို့မရဘူး။ အဲ့အချိန်မှာ ဒီအခွေအတွက်သီချင်းတွေကို ပြန်စိစစ်တယ်။ သူရေးထားတဲ့ ၃ပုဒ်မှာ ၁ပုဒ်ပဲထည့်တယ်။ ကျန်တာတွေဖယ်ထုတ်လိုက်တယ်။ နောက်အခွေတွေကျမှ ပြန်သုံးမယ်ဆိုပြီး ဖယ်လိုက်တယ်”
“ နောက်တချက်က သီချင်းတွေကလည်း တိုက်တိုက်ဆိုင်ဆိုင် သူနဲ့တိုက်ဆိုင်တဲ့သီချင်းတွေကလည်း များတယ်။ အဲဒါလေးတွေပြန်စိစစ်လိုက်တယ်။ သူလောကကိုမြင်တဲ့အမြင် သူတွေးတဲ့အတွေးမျိုး သူ့ခံစားချက်လေးတွေ ကျနော်တို့ပဲသိတဲ့ အကြောင်းလေးတွေပေါ့။ ဒီအခွေက သူ့ကို ရည်ညွှန်းတဲ့ သီချင်းတွေများပါတယ်” လို့ ဂျီလတ်က ပြောပါတယ်။
ကမ္ဘာရေးသားထားတဲ့ သီချင်းများစွာကိုလည်း ဆက်လက်ထိန်းသိမ်းကာကွယ်သွားဖို့ စဉ်းစားထားပြီး သီချင်းဟောင်းများ ကို ပြန်လည်စီစဉ်ကာ အသစ်များကတော့ တခြားသူများဆိုဖို့မရှိဘူးလို့ သိရပါတယ်။
“သူမရှိတော့ဘူးဆိုတော့ သူ့သီချင်းတွေကိုကာကွယ်ဖို့ စဉ်းစားရတာပေါ့။ သူမဆုံးခင်ကာလမှာ ပေးခဲ့တဲ့သူတွေကလည်း ကျနော့်ကိုဆက်သွယ်ကြပါတယ်။ လတ်တလောတော့ သီချင်းအသစ်ထဲကတော့ သူများဆိုစရာမရှိဘူးပေါ့။ အဟောင်းထဲ မှာပဲ ဆိုပြီးသားတွေကို ပြန် Manage လုပ်ရမှာပေါ့” လို့ ဂျီလတ်ကပြောပါတယ်။
ကမ္ဘာရဲ့သီချင်းများကို တီဗီချန်နယ်တခုက ပြန်လည်စုစည်းကာ တခြားသောအဆိုတော်များလည်း ဆိုရန်အတွက် ကမ်းလှမ်းခဲ့တာရှိသော်လည်း ဂျီလတ်အနေနဲ့က ဘာမှမလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
“သီချင်းတွေကိုစုပြီးတော့လည်း မလုပ်ချင်ပါဘူး။ အသစ်ကလည်း ၁ခွေစာမရှိပါဘူး။ ၁ခွေစာရှိလည်း အခွေတခွေက အဲ့လိုလုပ်လို့မရဘူး။ အခွေတခွေက သူ့ကာရိုက်တာနဲ့သူနေတာ။ နောက်ပြီး ကျနော်ဆိုထားတာတွေရော သူများဆိုထားတာတွေရောကို ပြန်ဆိုဖို့လည်းမလုပ်ချင်ပါဘူး”
“ ကျန်တဲ့ Artist တွေအားနာဖို့ကောင်းတယ်။ ဟိုတလောကပဲ တီဗီချန်နယ်တခုက ကမ္ဘာ့သီချင်းတွေကို Live လုပ်မယ်။ တခြား Artist တွေလည်းဆိုခိုင်းပြီးတော့ အဲ့လိုလာပြောသေးတယ်။ ဒါပေမယ့်ကျနော့်ခေါင်းထဲမှာ အဲ့လောက် မလုပ်နိုင်သေးဘူး” လို့ ဂျီလတ်က ပြောပါတယ်။
ဆက်လက်ပြီး “သူ့နဲ့ပတ်သက်တာ ဘာမှမလုပ်နိုင်သေးဘူး။ စိတ်ထဲမှာ သူကတနေရာရာမှာရှိနေသေးတယ်။ တခြားမြို့ တမြို့မှာရှိနေသေးတယ်။ တခါတလေမှသာ သူမရှိတော့ဘူး။ ဆုံးသွားတာပေါ့။ ဖုန်းတွေဘာတွေ လှမ်းဆက်တာရှိတော့ တနေရာရာမှာရှိသလိုပေါ့” လို့ ဂျီလတ်က ပြောပါတယ်။
တေးရေးဆရာတဦးဖြစ်တဲ့ ကမ္ဘာကတော့ ရဲတပ်ဖွဲ့ မှတ်တမ်းများ အရ မတ်လ ၄ ရက် နံနက် ၆ နာရီခန့်က ပုဗ္ဗ သီရိမြို့နယ်၊ နေပြည်တော် ဘူတာကြီးမှ ဥတ္တရ သီရိမြို့သို့ သွားရာ သီရိ မဏ္ဍိုင် လမ်းမပေါ်တွင် ဒဏ်ရာများဖြင့် မှောက်ရက်လဲနေသော အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
၈ နှစ်အကြာမှာ တတိယ တကိုယ်တော်ခွေ ထွက်လာတဲ့ အဆိုတော် ဂျီလတ်
အဆိုတော် ဂျီလတ်၏ ညီ နေပြည်တော်၌ ဒဏ်ရာများနှင့် သေဆုံး