အမျိုးသားအဆိုတော် အဖွဲ့၊ Project K အဖွဲ့ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ Wyndham Grand ဟိုတယ်မှာ ဒုတိယအကြိမ် Fan Meeting ကို ပြုလုပ်ခဲ့ပြီး အခုလို ၃ နှစ်ကျော် ရပ်တည်နိုင်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းလို စည်းစည်းလုံးလုံး ရှိနေတာကြောင့်လို့ ဆိုပါတယ်။
“ကျနော်တို့ ဒုတိယအကြိမ်မြောက် Fan Meeting ကို အဖက်ဖက်က ကူညီပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ပထမ Fan Meeting တုန်းက ၆ မိုင်ခွဲ Market Place မှာ လုပ်ခဲ့တယ်။ ဒီတခါတော့ ခမ်းခမ်းနားနားလည်း လုပ်လာနိုင်တယ်၊ တော်တော်လေး အချိန်ယူပြင်ဆင်ခဲ့ရတယ်။ ၃ နှစ်ပြည့်ကတည်းက လုပ်ဖို့ စဉ်းစားထားတာ။ အခုမှ အကောင်အထည် ဖော်နိုင်တယ်”
“၃ နှစ်ကျော် အခုချိန်ထိ တည်မြဲတယ်ဆိုတာ အဖွဲ့အစည်းဆိုတာ စည်းလုံးရမယ်လို့ အမေစု (ဒေါ်အောင်ဆန်းစုကြည်) မိန့်ခွန်းမှာ ပြောသလိုပဲ ကျနော်တို့ စည်းစည်းလုံးလုံးနေတယ်။ ကျနော်တို့ကလည်း မြန်မာနိုင်ငံထဲက အဖွဲ့တဖွဲ့ပါပဲ။ စိတ်ဆိုးကြတာ စကားများကြတာတွေ ရှိတယ်။ တယောက်နဲ့ တယောက် နားလည်ပေးကြတယ်၊ အပြစ်ပြောမယ့်အစား ဆွဲခေါ်ပေးကြတယ်။ မကောင်းမြင်မယ့်အစား မုဒိတာပွားပေးကြတယ်။ ဒီလိုမျိုးနဲ့ ကျနော်တို့တွေ စည်းစည်းလုံးလုံး ရှေ့ဆက်ကြတယ်”လို့ Project K အဖွဲ့က ပြောပါတယ်။
မကြာခင် ရိုက်ကူးမယ့် “Before & After” (ပြောင်းလဲခြင်းနောက်ကွယ်) ရုပ်ရှင်ကားမှာ Project K တဖွဲ့လုံး ပါဝင် ရိုက်ကူးသွားမယ့် အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။
“ကျနော်တို့ ရှေ့ဆက်မယ့် Plan ကတော့ ရိုက်ကူးရေးတွေ ရှိတယ်၊ ပွဲဆိုဖို့ရှိတယ်။၂၀၂၀ မှာ အသစ်တွေ ဖန်တီးနိုင်အောင်ကြိုးစားမယ်။ ၂၀၂၀ မှာ Concert ပွဲလေးလည်း လုပ်နိုင်အောင် ပြင်ဆင်သွားမှာပါ။ ကျနော်တို့ အခုရောက်နေတဲ့ နေရာကလည်း ဘာမှ မဟုတ်သေးပါဘူး။ ရှေ့ဆက်လျှောက်ဖို့ အများကြီးကျန်ပါသေးတယ်”
“ကျနော်တို့ Project K အဖွဲ့အနေနဲ့ “Before & After” ဇာတ်ကားမှာ ဒရာမာ ဇာတ်လမ်းပုံစံမျိုးတွေ ပါတာပေါ့။ ပရိသတ်တွေအမြင်မှာ ကျနော်တို့အဖွဲ့က ပျော်ပျော်ပါးပါး စစနောက်နောက် ပုံစံမျိုးကိုတွေ့တာများတယ်။ ကျနော်တို့အတွက်တော့ ဒီဇာတ်ကားက စိန်ခေါ်မှုတခုလို့ ပြောလို့ရတယ်။ တခါမှ မလုပ်ဘူးတဲ့ ကာရိုက်တာဖြစ်တဲ့အတွက် စိတ်ပူတယ်။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ Project K အဖွဲ့က ပြောပါတယ်။
Project K အဖွဲ့ဟာ လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသား အဆိုတော် အဖွဲ့တဖွဲ့ ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
မိန်းကလေး ပရိသတ်များရဲ့ အားပေးမှု အခိုင်အမာ ရရှိထားတဲ့ Project K အဖွဲ့ဟာ “The Beginning” ဆိုတဲ့ တေးအယ်လ်ဘမ် ထွက်ရှိထားပြီး အဖွဲ့ဝင်များအနေနဲ့ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ကြပါတယ်။
You may also like these stories:
Limited Edition အနေနဲ့ သီချင်းခွေ ရောင်းချသွားမယ့် “Project K” အဖွဲ့
အဖွဲ့သက်တမ်း ၃ နှစ်ပြည့်ပွဲကို ခမ်းခမ်းနားနား လုပ်မယ့် Project K အဖွဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီးကျူးစကားကြောင့် ဒီထက် ပိုကြိုးစားမယ့် Project K အဖွဲ့