Entertainment

မြန်မာသံ သီချင်းတွေ နားထောင်သူ နည်းလာတဲ့အကြောင်း ပြောပြတဲ့ အဆိုတော် မိုးထက်မြင့်

Want create site? Find Free WordPress Themes and plugins.

ယနေ့ခေတ်မှာ မြန်မာသံ သီချင်းများကို နားထောင်တဲ့သူ နည်းပါးလာတဲ့အတွက် ပရိသတ် မကြိုက်၊ ကြိုက်အောင် ကြိုးစားနေရတယ်လို့ မြန်မာသံ အဆိုတော် မိုးထက်မြင့်က ပြောပါတယ်။

“အဓိကက မြန်မာသံကို အားပေးမှု နည်းတယ်ဆိုတာတော့ ဒါက ဆိုတဲ့သူတွေလည်း နည်းတာ ပါတယ်။ အဓိကက သီချင်းဆိုတာများများ ဖွင့်လေ ၂ ခေါက် ၃ ခေါက်လောက် ကြားရင်တော့ နည်းနည်းလေးတော့ နားထောင်ချင် စိတ်ပေါက်တာပေါ့။ မကြိုက်တာကို ကြိုက်အောင် ဘယ်လို ပြန်လုပ်ရမလဲ။ ကိုယ့်ဘာသာပဲ ကြိုးစားရတာပဲ”

“ကျနော်တို့ အသံကျတော့လည်း မြန်မာသံဘက်ကို နွယ်နေတဲ့ အသံတွေဖြစ်နေတာဆိုတော့ ခေတ်ပေါ်သွားဆိုရင်လည်း ပိုဆိုးပြီး အားမပေးရုံရှိမှာပေါ့။ အဲ့ကျတော့ ကိုယ်နိုင်တဲ့၊ ကိုယ်ဝါသနာပါတဲ့ မြန်မာသံကို ထိန်းသိမ်းရာလည် ရောက်တယ်။ ဆိုချင်ရာလေးလည်း ဆိုနေခွင့်ရတယ်။ ကြိုးစားပြီးတော့ လျှောက်လှမ်းနေရတာပေါ့” လို့ အဆိုတော် မိုးထက်မြင့်က ပြောပါတယ်။

ဆက်လက်ပြီး မိုးထက်မြင့်က မြန်မာသံအခွေတွေကို ဖြန့်ချိနေတာ မဟုတ်ဘဲ ဝေနေသလိုဖြစ်နေတယ်လို့လည်း ပြောပါတယ်။

“အခွေကထုတ်ပြီးတော့ ဖြန့်ချိရေး မဟုတ်ဘူး။ ဝေနေသလိုမျိုး ဖြစ်နေတယ်။ တခါတလေ ကိုယ်က မေတ္တာလက်ဆောင် ပေးတာတောင်မှ CD စက်တွေက သိပ်မထားတော့ဘူး။ မီဒီယာ အွန်လိုင်းခေတ်ဆိုတော့ မီဒီယာကပဲ တင်တာဖြစ်ဖြစ်၊ အွန်လိုင်းက ကိုယ့်ဘာသာတင်တာပဲဖြစ်ဖြစ် ပရိသတ်ဆီရောက်မှာ။ အဓိကက ပရိသတ်လက်ထဲ ရောက်မှ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ပြောလို့ရမှာ”

“အခွေတွေထုတ်တိုင်းလည်း အောင်မြင်တယ် ပြောလို့ မရဘူး။ ကျနော်ဆို ၄ ခွေ ထွက်ပြီးသွားပြီ။ ပရိသတ်ဆီ ရောက်တာက ၁ ပုဒ်စ ၂ ပုဒ်စပဲ ရှိတယ်။ အကုန်လုံး မရောက်ဘူး” လို့ မိုးထက်မြင့်က ပြောပါတယ်။

မကြာခင်မှာလည်း မိုးထက်မြင့်က သူ့ရဲ့ ၅ ခွေမြောက်အခွေကို ထွက်ရှိသွားမှာဖြစ်ပြီး “ကမ္ဘာတည်အလွမ်း” လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

“အနုပညာနဲ့ ပတ်သက်ပြီးတော့ ကျနော့်ရဲ့မေဂျာက တေးသီချင်းဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့ အခွေအသစ်လေး တခု လုပ်နေပါတယ်။ တေးရေး နိုင်မြန်မာရေးတဲ့ ကမ္ဘာတည် အလွမ်းကို အကယ်ဒမီ ဓိရာမိုရ်ရဲ့ ဂီတကဗျာအဖွဲ့နဲ့ တီးဖွဲ့ထားပါတယ်”

“ဒီအခွေမှာတော့ စုံသွားအောင် ရာဇဝင် ပါတယ်။ ဇာတိသွေး၊ ဇာတိမာန် သီချင်းပါတယ်။ မိဘတေးဖွဲ့လေးတွေ ပါတယ်။ အချစ်နဲ့ အလွမ်းလေးတွေ ပါတယ်။ ရသစုံအောင်တော့ ထည့်ထားတယ်။ စီစဉ်တာတော့ ဒီနှစ် ၂၀၁၉ မီမယ်လို့ ထင်တာပေါ့။ မမီတော့ ၂၀၂၀ ၂လပိုင်းလောက်ကို စီစဉ်ထားပါတယ်” လို့ မိုးထက်မြင့်က ပြောပါတယ်။

အခွေတွေကိုတော့ အမှတ်တရအဖြစ်သာ ထွက်တာလို့လည်း မိုးထက်မြင့်က ပြောပါတယ်။

“အခွေလေးထွက်တယ်ဆိုတာက ဘဝအတွက် အမှတ်တရ ကျန်တာပေါ့။ အွန်လိုင်းတင်တာက ဒီသီချင်းပြီး နောက်နာမည်ကြီး တဲ့သီချင်း ထပ်လာရင် ပျောက်သွားမှာပဲ။ အခွေကျတော့ အမှတ်တရဖြစ်တာပေါ့။ အမှတ်တရပဲ ထုတ်ကြရတော့တာပေါ့” လို့ မိုးထက်မြင့်က ပြောပါတယ်။

မြန်မာသံ အဆိုတော် မိုးထက်မြင့်ကတော့ သီချင်းဆိုတာအပြင်လည်း သူ့ရဲ့အနုပညာသက်တမ်းမှာ ဗီဒီယိုကား ၂၀ ခန့်လည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading