မကြာခင်ရက်ပိုင်းမှာတော့ ၂၀၁၉ ခုနှစ်ဟာ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ကတော့ ၂၀၁၉ ခုနှစ်ဟာ သူ့အတွက် ဆရာကောင်း၊ သမားကောင်းများနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ပြောပါတယ်။
“၂၀၁၉ တနှစ်လုံးမှာ ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ “ပုရိသ” ဆိုတဲ့ကားပဲ ရုံတင်ခွင့်ရခဲ့တယ်။ ကျနော် ရိုက်ကူးထားတဲ့ “ကံ့ကော်နီ” လည်း ရှိသေးတယ်။ တခြားဇာတ်ကားတွေလည်း ရှိသေးတယ်။ ၂၀၁၉ ဆိုရင်တော့ Music Video တို့၊ Billboard တို့၊ Commercial တို့နဲ့ပဲဖြတ်သန်းခဲ့တာ များတယ်။ ဘာတွေတိုးတက်လာလဲဆိုရင် အိုက်တင်ပညာ ပိုတိုးတက်လာတယ်လို့ ထင်တယ်။ ဆရာကောင်း၊ သမားကောင်းတွေနဲ့ အများကြီး ဆုံခွင့်ရခဲ့တယ်လို့ ထင်ပါတယ်” လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
“၂၀၂၀ မှာတော့ အနုပညာနဲ့ပတ်သက်ပြီး ပိုကြိုးစားသွားဖို့ရှိပါတယ်။ ကျနော့် ဇာတ်ကားတွေလည်း ပိုပြီးတော့ ထွက်လာမယ်လို့ထင်တယ်” လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
၂၀၂၀ အစပိုင်းမှာဆိုရင်လည်း မိုရီဆာကီဝင်း ၊ နေခြည်ဦး ၊ အုပ်စိုးခန့်တို့နဲ့အတူ တွဲဖက် သရုပ်ဆောင်ထားတဲ့ “အိပ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲကို MNTV မှာ ပြသသွားဖို့ရှိပြီး၊ ရိုက်ကူးထားပြီး ရုံမတင်ရသေးတဲ့ ဇာတ်ကားများလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
“ရုံတင်ဖို့ကျန်တာက ၂ ကား ၃ ကားလောက် ကျန်ဦးမယ်ထင်တယ်။ “အိပ်မက်တွေ မိုးထားတဲ့အိမ်”ကတော့ ရိုက်ပြီး သွားပါပြီ။ အပိုင်း ၅၀ ထိရှိပါတယ်။ MNTV ကနေ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ စတင်ပြမှာပါ။ “မာယာရထားမောင်းတဲ့ မိန်းမများ”မှာလည်း ကာရိုက်တာအသစ်တခု လုပ်ခွင့်ရခဲ့ပါတယ်” လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
ချမ်းမင်းရဲထွဋ်ကတော့ ဗီလိန်ဇာတ်ရုပ်နဲ့ ပရိသတ်ရှေ့ လာခဲ့ပေမယ့် ပရိသတ်များ ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင် တယောက်ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာလည်း ရုပ်ရှင်ကားများစွာ ရိုက်ကူးလာခဲ့ရသူတဦးတာကြောင့် ဗီလိန်ဇာတ်ရုပ်နဲ့ ထပ်မံမြင်တွေ့ရဖို့ရှိလားဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။
“ဗီလိန်လုပ်တာကို အရင်ခေတ်ကဆို မကြိုက်ကြဘူး။ အခုခေတ်မှာလည်း တချို့ဆိုရင် မကြိုက်တာရှိတယ်။ ကျနော်ကတော့ အရမ်းကြိုက်တယ်။ ဇာတ်ကားကြည့်ရင် သူကပဲမွှေနေတာ ပြဿနာကောင်ဆိုတော့ သူ့ကိုကြည့်ရင်ကို အားရနေတာ”
“ကျနော်ဆိုရင် ဇာတ်ကားတကားကြည့်ရင် ဗီလိန်ဆိုသဘောကျတယ်။ အဲဒါကြောင့် ဗီလိန်ဇာတ်မျိုးလာငှားရင် တကယ်လည်း လုပ်ပိုင်ခွင့် လုပ်ကွက်ရရင် ဇာတ်လမ်းကလည်းမိုက်ရင် ထပ်ရိုက်ဦးမှာ” လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
ချမ်းမင်းရဲထွဋ်ကိုတော့ ပရိသတ်များက မကြာခင်မှာ ရုံတင်ပြသတော့မယ့် “၃(က)”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း NGO မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းကောင်လေး မိုးနိုင်ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
You may also like these stories:
“ပုရိသ”ရုပ်ရှင်မှာ ငယ်မူပြန်ပြီး ကတဲ့ ဇာတ်ဝင်ခန်း သရုပ်ဆောင်ထားတဲ့ ရဲအောင်
ဗီဒီယိုခေတ်ကို မမီခဲ့လို့ ရုပ်ရှင်ရိုက်ရင်း အတွေ့အကြုံ ယူနေတဲ့ ချမ်းမင်းရဲထွဋ်