ရုပ်ရှင်ဇာတ်ကားများကို ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးလျက်ရှိတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူကတော့ မြန်မာနိုင်ငံမှာ ဘာသာရေးကားတွေ လူမကြည့်တာနဲ့ ပတ်သက်ပြီး တော်တော်လေး ရင်လေးတယ်လို့ ပြောပါတယ်။
“ဘာသာရေးကားတွေ လူမကြည့်တာနဲ့ ပတ်သက်ပြီး တော်တော်လေး ရင်လေးတယ်။ ဘာသာရေးကားတွေရှေ့မှာ ပြခဲ့တာတွေ ရှိတယ်။ အခုဒီကားလည်း ဘာသာရေးကားပဲဆိုပြီးတော့ တရားဟောတာကို အချိန်ကုန်ခံပြီးတော့ မကြည့်နိုင်ဘူးဆိုတဲ့ ခံယူချက်တွေရှိတယ်။ အဲဒါတွေက လွဲမှားနေတယ်။ အဲ့လိုတွေ ဖြစ်လာခဲ့ချိန် ဒီကားတွေ ဝင်ငွေနည်းတယ်ဆိုတာ တိုင်းပြည်အတွက် အလားအလာ မကောင်းဘူးလို့ ကျနော် မြင်တယ်”လို့ ကျော်သူက ပြောပါတယ်။
အနုပညာရှင်ဆိုတာဟာလည်း တိုင်းပြည်ရဲ့ မျက်နှာဖုံးဖြစ်တာကြောင့် အတုခိုးတာတွေ ရှိကြပြီး ပရိသတ်တွေအနေနဲ့ ဦးနှောက်နဲ့ ဝေဖန်ပိုင်းခြားဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
“အနုပညာရှင်ဆိုတာ တိုင်းပြည်ရဲ့မျက်နှာဖုံး အနုပညာရှင်တွေ လုပ်တာကို ပရိသတ်က လိုက်လုပ်တာတွေရှိတယ်။ အတုခိုးပြီး လိုက်လုပ်တာ ရှိတယ်။ ဒီမှာ ကိုရီးယားကားတွေ ပြတယ်။ ဇာတ်လမ်းတွဲတွေ ပြတယ်။ လူမှုရေးဖောက်ပြန်တာတို့ အမျိုးသမီးတွေ အရက်သေစာ သောက်တာတို့ ဒါတွေကို အတုလိုက်ခိုးနေရင်တော့ မဖြစ်ဘူး”
“ဘယ်ဟာက ကောင်းတယ်ဆိုတယ်ဆိုတာကို ကိုယ့်ကိုယ်ကို ကိုယ့်ဦးနှောက်နဲ့ ဝေဖန်ပိုင်းခြားဖို့က အရေးကြီးတယ်” လို့ ကျော်သူကပြောပါတယ်။
အဆိုပါ ဘာသာရေးကားတွေကို လူကြည့်တာ နည်းနေပေမယ့် ဆက်ရိုက်စရာ ရှိတာကိုတော့ ရိုက်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။
“ဆက်ရိုက်ဖို့ကတော့ ကျနော်တို့က လုပ်စရာရှိတာတော့ လုပ်ရမှာပဲ။ ဒီလိုကားမျိုးက ပိုက်ဆံ မရဘူး။ ရတဲ့ကားက ဘယ်လိုရိုက်တယ်ဆိုတာတော့ ကျနော် သိတာပေါ့။ လွယ်လွယ်လေးရိုက်ရမှာ ဒါပေမယ့် ကျနော့်ဂုဏ်သိက္ခာကိုတော့ အထိခိုက်မခံဘူး” လို့ ကျော်သူက ပြောပါတယ်။
ရုပ်ရှင်ကို ချစ်ပြီး အားပေးတဲ့သူများကိုလည်း ကျေးဇူးတင်ပြီး အားပေးကြတဲ့ ပရိသတ်တွေရှိလို့သာ အနုပညာရှင်ဟာ အသက်ရှည် ရပ်တည်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။
“ရုပ်ရှင်ကိုချစ်တဲ့သူတွေ ရုပ်ရှင်ကိုအားပေးတဲ့သူတွေကို ကျနော်အများကြီး ကျေးဇူးတင်ပါတယ်။ ဒီလိုအားပေးလို့ ပရိသတ်တွေရှိလို့လည်း အနုပညာရှင်ဆိုတာ အသက်ရှည်ရပ်တည်နိုင်တာ။ အနုပညာတွေကိုဖော်ထုတ်နိုင်တာ။ ဒီလိုအနုပညာကို ကောင်းကောင်းမွန်မွန် စစ်စစ်မှန်မှန်နဲ့ လူသားအကျိုးပြု ကိုယ့်အကျိုးပြုဖော်ထုတ်တဲ့ကားတွေကို အားပေးဖို့အရေးကြီးတယ်။ ဒါမှလည်း တိုင်းပြည်နဲ့ပြောရင် အေးချမ်းမှာ”
“ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က လူတွေရဲ့အကျင့်စာရိတ္တတွေကို ပြုပြင်ဖို့က အရေးကြီးတယ်။ အဲ့လိုပြုပြင်တဲ့နေရာမှာ ပေါ်လစီကားတွေလို နင်းကန်ပြီးတော့ ထည့်ရိုက်တာလည်း မဖြစ်သင့်ဘူး။ ပေါ်လစီဆိုပေမယ့်လည်း ပါးပါးလေးနဲ့ ပရိသတ် ဘာကိုကြိုက်လဲ ဆိုတာကို ထည့်ပေးဖို့က အရေးကြီးတယ်”လို့ ကျော်သူက ပြောပါတယ်။
လတ်တလောမှာလည်း ဒါရိုက်တာ ကျော်သူ ရိုက်ကူးထားတဲ့ “၁၀၁၄” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသလျက်ရှိပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ ဒီကားကို မိဘမဲ့ကလေး ၁၈၀၀ ကို ပြသခဲ့ပါတယ်။ နောက်ထပ်လည်း ကျော်သူ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားများလည်း ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
“ဘာသာရေးကားတွေ နောက်ထပ် မရိုက်ဖြစ်တော့ဘူး”လို့ သရုပ်ဆောင်ခိုင်ထူးသာ ပြော
“ဘာသာ၊ သာသနာကို ထောက်ထားတဲ့အနေနဲ့ မြန်မာမှုကို အားပေးပါ”လို့ တေးသံရှင် ထား ပြော