Entertainment

ကိုယ်တိုင် အိမ်ထောင်သည် ဖြစ်တဲ့အတွက် နားလည်၊ ခံစားလွယ်တယ်လို့ သက်မွန်မြင့် ပြော

Want create site? Find Free WordPress Themes and plugins.

မကြာခင် ရုံတင်ပြသမယ့် “ချည်” ရုပ်ရှင်ဇာတ်ကားထဲမှာ ခင်ပွန်းဖြစ်သူကို စိတ်ချမ်းသာစေချင်တဲ့ မိန်းမတယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သက်မွန်မြင့်က ကိုယ်တိုင် အိမ်ထောင်သည်ဖြစ်တဲ့အတွက် နားလည်၊ ခံစားလွယ်တယ်လို့ ဆိုပါတယ်။

“ကိုယ်တိုင်က အိမ်ထောင်သည် ဖြစ်တဲ့အခါ နားလည်တယ်။ ပိုပြီးတော့ ခံစားလို့ လွယ်တာပေါ့နော်။ အရင်အိမ်ထောင်မကျခင်တုန်းကလည်း အိမ်ထောင်ရေးဇာတ်တွေ၊ ကလေးအမေ ဇာတ်တွေ ရိုက်ဖူးတယ်။ အခုကျတော့ လက်တွေ့ကျတဲ့ ခံစားချက် ပိုရတာပေါ့။ သက်မွန် ငြင်းခဲ့တဲ့ ကားပေါ့နော်။ ဇာတ်လမ်းဖတ်တော့ ထွေထွေထူးထူး လုပ်စရာ မရှိတော့ ကြေး (ဂျီး) များကြည့်တာပေါ့”လို့ သက်မွန်မြင့်က ပြောပါတယ်။

ဆက်လက်ပြီး သက်မွန်မြင့်က ဒီကားက တခြား အိမ်ထောင်ရေးကားတွေထက် တွေးစရာ အသိတရားတွေ ရလာလိမ့်မယ်လို့ ဆိုပါတယ်။

“ဦးဟိန်းမင်းတို့ရော ဦးညီတို့ကရော ရိုက်ပါ၊ သက်မွန်နဲ့ လိုက်တယ်။ ရိုက်လိုက်တဲ့ အချိန်မှာ အရမ်းသဘောကျတယ်။ ဒိုင်ယာလော့တွေကိုလည်း ပရိသတ်တွေက အရမ်းအားပေးကြတယ်။ မူယာနေရာကနေ ခံစားမှု အသိတရားတခု ရလိမ့်မယ်။ ဒီကားလေးကို ကြည့်တာက အခြားအိမ်ထောင်ရေးကားတွေထက် ကိုယ့်မှာ တွေးစရာတွေ အသိတရားတွေ ရလာလိမ့်မယ်။ လူမှုပတ်ဝန်းကျင်မှာ ဖြစ်တတ်တာလေးတွေကို ရိုက်ထားတာဆိုတော့ ကိုယ်ယူရင် ယူသလောက် ရသွားလိမ့်မယ်လို့ သက်မွန် ထင်တယ်”

“ကိုယ်တိုင်ကတော့ ဇာတ်ကားထဲက မူယာ မဖြစ်ဘဲ ရွှေသမီးလို ဖြစ်မယ် ထင်တယ်။ ကိုယ်က အချစ်ခံချင်တယ်။ ချစ်တော့ ချစ်တယ်။ မူယာလောက်တော့ သည်းခံနိုင်ပါ့မလား မသိဘူး။ ကိုယ်က ကလေးဆိုးပဲ လုပ်ချင်တာ။ အချိန်တွေပြောင်းသွားတာနဲ့အမျှ စိတ်ခံစားချက်ကလည်း ပြောင်းလဲတတ်တာပဲလေ။ မူယာရဲ့ ချစ်ခြင်းကိုတော့ လေးစားတယ်”လု့ိ သက်မွန်မြင့်က ပြောပါတယ်။

ဒါ့အပြင် ဒုသမ္မတအိမ်တော်မှာလုပ်တဲ့ ခရစ္စမတ်ပွဲကို တက်ရောက်ခွင့်ရခဲ့တဲ့ သက်မွန်မြင့်က အခုလို ပထမဆုံး တက်ရတာ အမှတ်တရနေ့ ဖြစ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတာ နားထောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒုသမ္မတက ဖိတ်လို့တက်ဖြစ်ခဲ့တယ်။ ချင်းရိုးရာဝတ်စုံလေးနဲ့ လာကြတယ်။ ကိုယ့်နယ်ကို ပြန်ရောက်သွားသလိုပဲ။ သက်မွန်လည်း ကိုယ့်နယ်နဲ့ ဝေးကွာသွားတာကြာပြီ ဆိုတော့ လွမ်းတယ်။ အခုလိုမြင်ရတာ စိတ်ချမ်းသာတယ်။ အမေစုလည်း ချင်းဝတ်စုံလေးနဲ့ ဆိုတော့ အရမ်း ကျက်သရေ ရှိတယ်။ အဆိုတော်အဖွဲ့တွေနဲ့ အတူတူ ပွဲတက်ရတော့ ဝမ်းသာရတယ်”

“လူကြီးပွဲကို ပထမဆုံးတက်ရတော့ အမှတ်တရနေ့လေး တနေ့ပေါ့။ အမေစုနဲ့တော့ မပြောဖြစ်ပါဘူး။ မိန့်ခွန်းပြောတာ နားထောင်ခဲ့ရတာ။ အမေစု ပြောတာတွေလည်း ဗဟုသုတ အရမ်းရတယ်။ အမေစုကိုလည်း အရမ်း လေးစားတယ်။ နယ်ကိုလည်း လွမ်းတာပေါ့။ ရန်ကုန်ရောက်တာ ၁၀ တန်းအောင်ပြီးကတည်းကဆိုတော့ သတိရတယ်၊ လွမ်းတယ်”လု့ိ သက်မွန်မြင့်က ပြောပါတယ်။

သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်ကတော့ “အာဒံရယ် ဧဝရယ် ဒဿရယ်” ၊ “ချစ်လှစွာသော အမုန်း” စတဲ့ ရုပ်ရှင်ကားများနဲ့ အကယ်ဒမီဆု ရရှိထားသူ ဖြစ်ပါတယ်။

“ချည်” ရုပ်ရှင်ကားကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ သက်မွန်မြင့်နဲ့ ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့က စပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

ချစ်သူ မရှိလို့ ချစ်သူများနေ့မှာ တယောက်တည်း ဖြတ်သန်းမယ့် သင်ဇာဝင့်ကျော်

ဝိုင်သောက်ထားတဲ့အချိန်မှာ Caption ကောင်းကောင်းတွေ ရေးတင်တဲ့ ရွှေအိမ်စည်

မင်းသမီးဘဝနဲ့ အိမ်ထောင်ရှင်မ ဘဝကို ရုန်းကန်နေရတဲ့ သက်မွန်မြင့်

Did you find apk for android? You can find new Free Android Games and apps.
Loading