ဗီဒီယို ဇာတ်ကားတကားရဲ့ ဇာတ်ဝင်ခန်းတခုမှာ ဒိုင်ယာလော့ စကားမှားတာကို Facebook မှာ ပရိသတ်များက ဝိုင်းပြီး စနောက်နေကြတဲ့ အပေါ် သရုပ်ဆောင် လူမင်းက စိတ်မဆိုးဘူးလို့ ပြောပါတယ်။
“ကျနော့်ကို Facebook မှာ Troll နေကြတာ တွေ့တယ်။ တခုကတော့ တကယ်မှားတာ။ နောက်တခုကတော့ ငါ့ဓားထဲမှာ လက်ရှိတယ် ဆိုတာ “အောင်စေ ပိုင်စေ”ဆိုတဲ့ ကားထဲ ဟာသ လုပ်ထားတာပါ။ တကယ်မှားတဲ့ဟာကလေ ဒါရိုက်တာ Edit လုပ်တာ မတွေ့ဘူးလား မသိဘူး။ စဖြန့်ကတည်းက သိတယ်။ အခုလိုအင်တာနက်တွေ ခေတ်မစားသေးတော့ မသိဘူး။ အခုလို အင်တာနက်တွေ ခေတ်စားတော့ တကျော့ပြန် Troll ခံရတာပေါ့။ စိတ်မဆိုးပါဘူး။ အဲ့တုန်းက Mood ထည့်ပြောလိုက်တာ ရှုတင်က လူတွေလည်း သတိမထားမိကြဘူး။ ကားထွက်တော့မှ ပြင်လို့လည်း မရတော့ဘူး”လို့ လူမင်းက ပြောပါတယ်။
လူမင်းကတော့ လတ်တလောမှာ “အောင်ဆန်း” ဇာတ်ကားကို ဒါရိုက်တာအနေနဲ့ ရိုက်ကူး ပုံဖော်နေပြီး သရုပ်ဆောင် ဒီဇာတ်ကားအတွက် အကြံကောင်း၊ ဉာဏ်ကောင်းတွေလည်း ရရှိတဲ့အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“၂၀၂၀ မှာ ကျနော် ရိုက်နေတဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကို အမြန်ဆုံး လက်စသတ် ရုံပေါ် တင်နိုင်တဲ့ အဆင့်ကျန်သေးတယ်။ အဲ့ဒါပဲ အရေးကြီးဆုံး အလုပ်တခုအနေနဲ့ လုပ်နေပါတယ်။ ကျန်တာကတော့ ကိုယ်ပိုင်အနုပညာ ဖန်တီးမှုတွေလည်း ဆက်လုပ်သွားဖို့ ရှိပါတယ်။ အကြံကောင်း ဉာဏ်ကောင်းတွေလည်း အများကြီးရပါတယ်။ ကူညီဆောင်မမယ့်သူတွေလည်း အများကြီး တွေ့ရပါတယ်။ စိတ်ပါလက်ပါ ဝိုင်းဝန်းကူညီကြသူတွေလည်း အများကြီး တွေ့ရတယ်”
“တကယ်တမ်း အစပိုင်းမှာ ဝေဖန်တိုက်ခိုက်နေတယ်လို့ပဲ အပြင်ပန်းထင်ရပေမယ့် အလုပ်ကို လက်တွေ့ တကယ်လည်း လုပ်ပြလိုက်တဲ့အခါမှာ တကယ်ကို လှိုက်လှိုက်လှဲလှဲ အကြံပေးသူတွေ အများကြီးတွေ့ရတယ်။ ရှေ့ဆက်မယ့် ခြေလှမ်းတွေအတွက် အင်အားရှိပါတယ်။ ကျနော်တို့ကို အကြံပေးတဲ့အတွက်လည်း အချိန်မီ ပြင်ဆင်လိုက်နိုင်တာတွေ ရှိတယ်။ အကြံပြုချက်တွေကိုလည်း ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လက်ခံပါတယ်။ ၅၃ ကတ် ရိုက်ပြီးသွားပါပြီ။ ပိတ်ကားပေါ် အမြန်ဆုံး ရောက်နိုင်အောင် ကြိုးစားနေပါတယ်”လို့ လူမင်းက ပြောပါတယ်။
လူမင်း ရိုက်ကူးနေတဲ့ “အောင်ဆန်း” ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ်ထဲမှာ ရိုက်ကူးနေပြီး ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသနိုင်ဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ “အောင်ဆန်း” ရုပ်ရှင်မှာတော့ အဘက်ဘက်က ပြည့်စုံဖို့အတွက် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
You may also like these stories:
“မြင့်မြတ်အတွက် ဇာတ်လမ်းလေးတွေရှိတယ်ဆိုတဲ့” ရဲမင်းပိုင်
“အကယ်ဒမီမှာ ခေါက်ရိုးကျိုးနေတဲ့ အရာတွေရှိသလို ပြောင်းလဲသင့်တဲ့ အရာတွေလည်း ရှိတယ်”
ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ လူမင်း ပြော