“The Witcher” တီဗီစီးရီးဟာ အခုအချိန်မှာဆိုရင် Netflix ရဲ့ အမြင့်ဆုံး မူရင်းတီဗီစီးရီး တခုအဖြစ် ရပ်တည်နေပြီး ကမ္ဘာတဝှမ်းက ရုပ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အောင်မြင်မှုတွေ ရရှိနေပါတယ်။ စာရေးဆရာ Andrzej Sapkowski ရေးသားခဲ့တဲ့ စာအုပ်ကို လူသိနည်းပေမယ့် ဗီဒီယို ဂိမ်းတခုအနေနဲ့ ထွက်ရှိလာခဲ့ချိန်မှာတော့ ဂိမ်းပရိသတ်တွေ နှစ်သက် စွဲလမ်းခဲ့ကြရပါတယ်။
တီဗီစီးရီးရဲ့ ဇာတ်ဝင်ခန်း အများစုကို ဂိမ်းထဲမှာပါဝင်တဲ့ မြင်ကွင်းတွေဆီကနေ ကိုးကား ပုံဖော်ထားပြီး Netflix ရဲ့ မူရင်းတီဗီစီးရီးတိုင်းရဲ့ Opening တိုင်းကို ကြည့်ရှုရတာလည်း စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်။ The Witcher စတင်ပြသချိန်မှာ အဓိကဇာတ်ကောင် Geralt ကို ကြီးမားတဲ့ ရေချိုးဇလုံထဲမှာ တွေ့မြင်ရပြီး The Witcher 3 ဂိမ်းထဲက Intro နဲ့အတူတူပဲ ဖြစ်ပါတယ်။
တီဗီစီးရီးရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ Lauren Hissrich က Collider နဲ့ အင်တာဗျူးတခုမှာ “ဗီဒီယိုဂိမ်းရဲ့ တင်ဆက်ပုံနဲ့ ကျနော်တို့ တင်ဆက်ပုံကြားမှာ ကွာခြားမှု တချို့တလေ ပါပါတယ်။ ဂိမ်းကို ကြိုက်နှစ်သက်သူတွေဟာ The Witcher ဇာတ်ကောင်ရဲ့ အမာခံပရိသတ်တွေပါပဲ” လို့ ဖြေကြားခဲ့ပါတယ်။
The Witcher တီဗီစီးရီးဟာ လတ်တလောအချိန်မှာ “Game of Thrones” တီဗီစီးရီးနဲ့ နှိုင်းယှဉ် အကဲဖြတ်ခံနေရပြီး အနုပညာအရ အောင်မြင်မှုရှိတယ်လို့လည်း ဝေဖန်သုံးသပ်ကောင်း သုံးသပ်နိုင်ပါတယ်။ Netflix အနေနဲ့ The Witcher Season 2 ကို ဆက်လက်ပြသဖို့ အစီအစဉ်ရှိနေပြီး အဲဒီအစီအစဉ်ဟာ Season 3 အထိ အသက်ဝင်နေတာ ဖြစ်ပါတယ်။
The Witcher Season 1 ကို ကြည့်ရှုပြီးတဲ့ ရုပ်ရှင်ပရိသတ် တော်တော်များများကတော့ Season 2 ကို ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေကြပြီး Super Man မင်းသားလို့ လူသိများကြတဲ့ မင်းသား Henry Cavill အနေနဲ့ရော နောက်လာမယ့် Season တွေမှာ သူ့ရဲ့သရုပ်ဆောင် စွမ်းရည်ကို ဘယ်လိုမျိုး အံဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်ပြမလဲဆိုတာ စောင့်ကြည့်ချင်စရာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Netflix ရဲ့ “Kingdom” စီးရီး Season 2 အမြည်းဗီဒီယိုတွေ ထွက်ရှိလာ
ကခုန်ပျော်ပါးနေသော ဘောလီးဝုဒ်၏ နောက်ကွယ်