“ချည်” ဇာတ်ကားထဲမှာ အရမ်း အချစ်ကြီးတဲ့ ကောင်မလေး တယောက်အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ ရွှေသမီးက အပြင်မှာလည်း အရမ်းချစ်တတ်တဲ့သူလို့ ဆိုပါတယ်။
“ရွှေသမီးရဲ့ အချစ်က ဇာတ်ကားထဲကလိုတော့ မဟုတ်ဘူး။ အစွန်း မရောက်ဘူး။ ဘယ်အရာမဆို ကိုယ်က အစွန်းမရောက်ဘူး၊ ချစ်တာကတော့ အရမ်းချစ်တတ်တယ်၊ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အချိန်မှာတော့ ကိုယ်လည်း အေးအေးချမ်းချမ်းပဲ လက်လွှတ်ပေးမယ်။ သူကောင်းဖို့၊ သူပျော်ဖို့ အတွက်ပဲ စဉ်းစားပြီး လက်လွှတ်ပေးမှာပေ့ါ။ အဲ့လိုစိတ်ပဲ ထားတယ်”
“ဇာတ်ကားကြည့်တိုင်း ငိုမိတယ်။ မလုပ်ဖူးတဲ့ ကာရိုက်တာဖြစ်လို့ စိတ်ခံစားချက် အရမ်းပြင်းထန်တယ်။ အကောင်းဆုံးတော့ ကြိုးစားသရုပ်ဆောင်ထားပါတယ်”လို့ ရွှေသမီးက ပြောပါတယ်။
‘ချည်’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ငုလေး ကာရိုက်တာကို လက်ခံလိုက်တာ ရိုက်သင့်တယ်ထင်လို့ လက်ခံလိုက်တာပါလို့ သရုပ်ဆောင် ရွှေသမီးက ဆိုပါတယ်။
“ငုလေး ကာရိုက်တာကို လက်ခံလိုက်တဲ့ အချိန်မှာ ကိုယ်ရိုက်သင့်တယ်ထင်လို့ ရိုက်လိုက်တာပါ။ ပြီးတော့ လိုအပ်တာတွေကို ဒါရိုက်တာနဲ့ သေချာတိုင်ပင်တယ်။ ဦးညီက ကိုယ့်ကို ယုံကြည်တယ်။ အဲ့အတွက် ရိုက်ကူးဖြစ်သွားတာပေါ့။ အပြင်မှာလည်း ဒီလိုဇာတ်လမ်းမျိုးတွေ ရှိပါတယ်။ ပူလောင်တဲ့ အချစ်နဲ့ ငြိမ်းချမ်းတဲ့ အချစ်ဆိုရင် ငြိမ်းချမ်းတဲ့ အချစ်ကိုပဲ ရွေးပါလို့ပြောချင်တယ်”
“ပူလောင်တဲ့ အချစ်ကနေ ရုန်းထွက်ပါလို့တော့ပြောချင်တယ်။ တချို့ဇာတ်ဝင်ခန်းတွေမှာဆို ကိုနေတိုးရော၊ မသက်မွန်မြင့်ရောက လက်တွဲခေါ်ပေးတယ်။ ကိုယ် မကြိုးစားရင် ကိုယ်ကျန်ခဲ့မှာ အစ်ကိုနဲ့ အစ်မကလည်း အိုက်တင်လျှော့မှာ မဟုတ်ဘူး။ ဒါကြောင့် ချစ်သင့်တဲ့နေရာမှာလည်း တကယ်ချစ်ခဲ့သလို မုန်းရမယ့် နေရာမှာလည်း တကယ်မုန်းခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေ ရှိပါတယ်။ အဲ့အတွက် မရိုက်ခင် စိတ်ထဲမှာ အစ်ကိုနဲ့ အစ်မကို ကန်တော့ပါတယ်ဆိုပြီး အိုက်တင်လုပ်ရတယ်”လို့ ရွှေသမီးက ဆိုပါတယ်။
ရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတယောက်ဖြစ်ပြီး အခုချိန်မှာတော့ ဇာတ်ကားများစွာကိုလည်း ရိုက်ကူးနေရသူ တယောက် ဖြစ်ပါတယ်။
“ချည်” ဇာတ်ကားကိုတော့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးပြီး အဓိက သရုပ်ဆောင်များအဖြစ် နေတိုး၊ သက်မွန်မြင့်နဲ့ ရွှေသမီးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကစပြီး မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသလျက် ရှိပါတယ်။
You may also like these stories:
“သခင်ကြီးနဲ့ ငါးပိတို့စရာ” ဇာတ်ကားမှာ စကား မပြောဘဲ သရုပ်ဆောင်ထားတဲ့ ရွှေသမီး
ကိုယ်တိုင် အိမ်ထောင်သည် ဖြစ်တဲ့အတွက် နားလည်၊ ခံစားလွယ်တယ်လို့ သက်မွန်မြင့် ပြော