Entertainment

"၂၀၁၉ ဟာ အောင်မြင်မှုတွေ များတဲ့ နှစ်တနှစ် ဖြစ်ခဲ့တယ်"လို့ အုပ်စိုးခန့် ပြော

လူငယ် အဆိုတော်တဦး ဖြစ်တဲ့ အုပ်စိုးခန့်ကတော့ တေးသီချင်း သီဆိုမှုတင်မကဘဲ သရုပ်ဆောင် အလုပ်များ၊ ကြော်ငြာရိုက်ကူးမှုများစွာကို ၂၀၁၉ မှာ လုပ်ခဲ့ရတာကြောင့် ၂၀၁၉ ဟာသူ့အတွက်တော့ အောင်မြင်မှုများတဲ့ နှစ်တနှစ် ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“၂၀၁၉ က ကျနော့်အတွက် Achievement (အောင်မြင်မှု) တွေ များတယ်။ မဆိုးပါဘူး။ ပျော်ဖို့ကောင်းပါတယ်။ အခွေလည်း ထွက်ရတယ်။ အခွေဆိုရင်လည်း Top 10 မှာ နံပါတ် (၁) ဖြစ်သွားတယ်။ ဆုလည်းရတယ်။ သံတမန်လည်း ဖြစ်တယ်။ ဇာတ်လမ်းတွဲလည်း ရိုက်ရတယ်ဆိုတော့ ကျနော့်အတွက် အခွင့်အလမ်းကောင်းတွေပါ” လို့ အုပ်စိုးခန့်က ပြောပါတယ်။

အုပ်စိုးခန့်ကတော့ ယခုနှစ်အတွင်းမှာ “The Number One” ဆိုတဲ့ တကိုယ်တော် အခွေ ထွက်ရှိခဲ့ပြီး အရောင်းရဆုံး စာရင်းထဲမှာလည်း နံပါတ် (၁) ရခဲ့ပါတယ်။

ဒါ့အပြင် “အိပ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးခဲ့ပြီး နောက်နှစ်ထဲမှာတော့ ထိုင်းနိုင်ငံက အလှကုန်တံဆိပ် တခုရဲ့ သံတမန်အဖြစ် လုပ်ကိုင်ရန်အတွက်လည်း စာချုပ်ချုပ် ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

“၂၀၂၀ မှာကျနော် ထိုင်းနိုင်ငံမှာရှိတဲ့ Product အသစ်တခုရဲ့ Brand Ambassador ဖြစ်သွားပါတယ်။ စာချုပ်ချုပ်ခဲ့ပါပြီ။ အဲဒီကိုသွားပြီးတော့ ပွဲတွေ တက်ပေးရမယ်။ သီချင်းဆိုပေးရမယ်။ TVC လည်း သွားရိုက်ပေးရမယ်” လို့ အုပ်စိုးခန့်က ပြောပါတယ်။

အခုလို အသိအမှတ်ပြုခံရပြီး အလုပ်တွေအများကြီး လုပ်ရတဲ့အတွက်လည်း မိဘတွေရဲ့ ဂုဏ်ယူရတဲ့ သားတယောက် ဖြစ်တာကြောင့် ဂုဏ်ယူတယ်လို့ ပြောပါတယ်။

“ဒီအတွက်လည်း မေမေနဲ့ ဖေဖေရဲ့ အရမ်းဂုဏ်ယူရတဲ့ သားတယောက်ဖြစ်တော့ အရမ်းကို ပျော်ပါတယ်။ ဂုဏ်ယူပါတယ်။ ပြည်တွင်းရော၊ ပြည်ပရော ကြိုးစားပါမယ်” လို့ အုပ်စိုးခန့်က ပြောပါတယ်။

အုပ်စိုးခန့်ကတော့ Channel Me မှာပြသလျက်ရှိတဲ့ The Mask Singer Myanmar မှာလည်း ဂြိုဟ်သား ဝတ်စုံနဲ့ ဆယ်လီ စုံထောက်များရဲ့ စူးစမ်းမှုမှာ ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းပြသမှုမှာတော့ သူ့ရဲ့မျက်နှာဖုံးကို ချွတ်ပြခဲ့ရပါတယ်။

“The Mask Singer အတွက် လူတွေကို လိမ်ထားတာ အများကြီးပဲ။ ကျနော်တို့က ပြောလို့ မရဘူး။ ပြောရင် ၃ ဆလောက် ပြန်လျော်ရတာ။ စာချုပ်ချုပ်ထားတာဆိုတော့ သူများတွေက ဒီပွဲကိုသိလား၊ Facebook မှာကြည့်ပါလားပြောကြတယ်။ ကျနော်က ဘာကြီးလဲပေါ့။ ကျနော် မသိချင်ယောင်ဆောင်နေရတာ မျက်နှာဘယ်လိုပြရမလဲ မသိတော့ပါဘူး” လို့ အုပ်စိုးခန့်က ပြောပါတယ်။

ဒီပွဲအတွက် ဘယ်လောက်ထိလျို့ဝှက်ထားရလဲဆိုတာကို အုပ်စိုးခန့်က “စပြီးတော့ဝင်ကတည်းက သိမှာစိုးလို့ ကားနံပါတ်တွေပါ အကုန်အုပ်ပြီး ကျနော့် အမေလည်း Mask အုပ် ကျနော်လည်းအုပ်ပြီးတော့ ရှူးပေါက်ရင်တောင် လုံခြုံရေးတွေက ဝေါ်ကီတော်ကီတွေနဲ့ ထွက်လာမှာစိုးလို့ ဟိုကသွားစောင့်၊ ဒီကသွားစောင့်နဲ့ ရှူးတောင် ကောင်းကောင်း ပေါက်လို့မရဘူး” လို့ ပြောပါတယ်။

The Mask Singer Myanmar မှာပါဝင်ရတဲ့အတွက်လည်း ပျော်ရွှင်မိပြီး အရမ်းကိုလျှို့ဝှက်ခဲ့ရတာကြောင့် Facebook မှာလည်း မတင်ရဲခဲ့ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ ဆယ်လီစုံထောက်တွေကို လိုက်ပြီး ကလိရတဲ့ ခံစားချက်က အရမ်းကိုပျော်တယ်။ အရမ်းကိုလျှို့ဝှက် ထားရတယ်။ ကိုထွန်းထွန်းနဲ့ကျနော်ဆိုရင် Facebook မှာ Friend ဆိုတော့ မတင်ရဲဘူး။ ရိပ်မိသွားမှာစိုးလို့။ သိပြီးတဲ့ အချိန်ကျတော့ သူကပြောတယ်။ ကျနော့်ရဲ့လက်ပတ်လေးကို သွားပြီးမြင်တယ်တဲ့။ သိနေတယ်တဲ့ပြောတော့ ကျေးဇူးပဲလို့ ပြောရမှာလား ငိုရမလား မသိဘူး”လို့ အုပ်စိုးခန့်က ပြောပါတယ်။

You may also like these stories:

အချစ်ရေးသတင်းတွေကို စိတ်မပူကြဖို့ အုပ်စိုးခန့် ပြော

ထိုင်းနိုင်ငံမှာ အနုပညာ အလုပ်တွေလုပ်ဖို့ ကမ်းလှမ်းခံရတဲ့ အဆိုတော် အုပ်စိုးခန့်

သီချင်းတိုင်းကို ခံစားချက် အပြည့်ထည့်ပြီး သီဆိုတဲ့အကြောင်း ပြောပြတဲ့ အုပ်စိုးခန့်

Loading