မြန်မာ့လက်ရွေးစင်ဘောလုံးသမားတယောက်ဖြစ်သလို မိန်းကလေးပရိသတ်များရဲ့ ချစ်ခင်နှစ်သက်မှုကိုရရှိထားတဲ့ ကျော်မင်းဦးကတော့ ဘောလုံးသမားတယောက်ဖြစ်တဲ့အတွက် မင်းသားမလုပ်ဘူးလို့ ပြောပါတယ်။
“ကျနော်မင်းသားတော့ မလုပ်ပါဘူး။ မလုပ်ဘူးဆိုတာက ကျနော်က ဘောလုံးသမားတယောက်ဖြစ်တယ်။ ပြီးတော့ အခုလာမယ့် ၂၀၂၀ Suzuki Cup မှာ အရမ်းမျှော်လင့်ထားတယ် ကစားမယ်လို့။ အဲ့မျှော်လင့်ချက်နဲ့ဘောလုံးကို သေချာပြန်လုပ်နေတယ်” လို့ ကျော်မင်းဦးကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရိုက်ကူးခဲ့တဲ့ မဂ္ဂဇင်းကာဗာပုံများကိုလည်း သဘောကျနေကြပြီး ရိုက်ဖြစ်ခဲ့တဲ့အကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။
“POSH တို့ MODA တို့ရိုက်ထားတာရှိတယ်။ သူတို့ဘက်က ကမ်းလှမ်းလာလို့ ကျနော်လည်း အလုပ်အားတဲ့အတွက် ရိုက်ဖြစ်တာပါ။ အနုပညာက အဲ့လောက်ဝါသနာမပါဘူး။ ကိုယ်နဲ့ဆက်စပ်တာလေးတွေတော့ သဘောကျတယ်။ ပိုးတွေဘာတွေက အများကြီးမဝင်ပါဘူး”
“ အနုပညာအလုပ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူးလေ။ ကျနော်တို့ကျတော့ ဘောလုံးကစားတဲ့သူတွေဆိုတော့ တောင့်တောင့်ကြီး အများကြီးပြင်ဆင်ရတာပေါ့။ တခြားသူတွေကူပေးလို့ ကောင်းကောင်းထွက်လာတာပါ” လို့ ကျော်မင်းဦးက ပြောပါတယ်။
ကျော်မင်းဦးကတော့ လက်ရွေးစင်ဘောလုံးသမားတယောက်နေရာမှ အချိန် ၄နှစ်ကျော်ကြာ ဒူးခေါင်းဒဏ်ရာကြောင့် အနားယူခဲ့ရပြီး အခုအချိန်မှာတော့ ဆေးကုသမှုကြောင့် သက်သာလာပြီဖြစ်တယ်လို့ သိရပါတယ်။
“ခြေထောက်ကတော်တော်လေးကို သက်သာနေပြီ။ ၁နှစ်လောက်အနားယူရမှာဆိုတော့ အခုက ၇လဆိုတော့ သိပ်အဆင်မပြေသေးဘူး။ ခြေထောက်ကျန်းမာရေးအတွက်ကတော့ အများကြီးမရှိပါဘူး။ ဆရာဝန်ကတော့ အရင်ဖြစ်ခဲ့တဲ့ပုံစံမျိုးတွေ ထပ်မလုပ်ဖို့ပဲပြောတယ်။ အဲ့လောက်ပါပဲ” လို့ ကျော်မင်းဦးက ပြောပါတယ်။

၂၀၂၀ မှာကစားမယ့် Suzuki Cup ပွဲကိုလည်း ပထမဦးဆုံးအကြိမ်ကစားမှာဖြစ်ပြီး နိုင်ငံအတွက်အကျိုးပြုချင်တယ်လို့ ဆိုပါတယ်။
“ကျနော်က တခါမှ ဒီ Suzuki Cup ကိုမကစားဖူးဘူး။ ကျနော့်သူငယ်ချင်းတွေအားလုံးကလည်း စောင့်ဆိုင်းနေတယ်။ ပြီးတော့ သူတို့ကကျနော့်ကို လိုလားတယ်။ မင်းကစားမှဖြစ်မယ်။ မင်းနဲ့ဆိုရင်အဆင်ပြေတယ်ပေါ့နော်။ အဲ့အတွက် ကျနော်ကလည်း တကယ်ကိုကစားချင်တယ်။ သူငယ်ချင်းတွေအတွက်ရော နိုင်ငံအတွက်လည်းအကျိုးပြုချင်တယ်” လို့ ကျော်မင်းဦးကပြောပါတယ်။
ဆက်လက်ပြီး “စိတ်လှုပ်ရှားမှုကတော့ ကျနော်က ဒီဘောလုံးနဲ့ဝေးနေတာ ၄နှစ်လောက်ရှိသွားပြီ။ သုဝဏ္ဏကွင်းကြီးထဲမှာ ပရိသတ်တွေအများကြီးရှိတယ်ဆိုတော့ကျနော့်ရဲ့ခံစားချက်ကပြောမပြတတ်အောင်ပါပဲ” လို့ပြောပါတယ်။
ကျော်မင်းဦးကတော့ ဒူးခေါင်းဒဏ်ရာကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ ထောက်ပံ့မှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆေးကုသမှုခံယူခဲ့ပြီး မကြာခင်မှာ ဘောလုံးပြန်လည်ကစားနိုင်တော့မှာပဲဖြစ်ပါတယ်။