ပြင်သစ်မော်ဒယ် Thylane Blondeau ဟာ ကမ္ဘာ့အလှပဆုံး မျက်နှာပိုင်ရှင်အဖြစ်ကနေ ဖယ်ရှားခံရလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် မော်ဒယ် Thylane ဟာ TC Candler ကနေ ထုတ်ပြန်လိုက်တဲ့ အခုနှစ်အတွက် မျက်နှာချောဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ နံပါတ် ၄ နေရာကို ဆင်းသွားခဲ့ရပြီး ထိပ်ဆုံး နံပါတ် ၁နေရာမှာ ကိုရီးယားအမျိုးသမီး အဆိုတော်အဖွဲ့ TWICE ရဲ့ အဖွဲ့ဝင် Tzuyu ရောက်ရှိလာခဲ့ပါတယ်။
TC Candler ဟာ ၁၉၉၀ ပြည့်နှစ်ကစလို့ ကမ္ဘာ့ထိပ်ဆုံး အမျိုးသားနဲ့ အမျိုးသမီး အဆင်းလှသူတွေကို သတ်မှတ်နေခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် Tzuyu ရဲ့ နောက်မှာတော့ အသက် ၁၈ နှစ်အရွယ် အစ္စရေးမော်ဒယ် Yael Shelbia ကနံပါတ် ၂၊ အသက် ၂၂ နှစ်အရွယ် ထိုင်းနိုင်ငံသူ အဆိုတော် Lisa က နံပါတ် ၃ နေရာကနေ အသီးသီး ရပ်တည်နေပါတယ်။ “Aladdin” ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ အသက် ၂၆ နှစ်အရွယ် ဗြိတိသျှ မင်းသမီး Naomi Scott က နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။
ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင် သတ်မှတ်ချက်မှာတော့ “Aquaman” ရုပ်ရှင်မှ အသက် ၄၀ အရွယ် မင်းသား Jason Momoa က ထိပ်ဆုံးနေရာကနေ ဖယ်ပေးလိုက်ရပြီဖြစ်ပါတယ်။ သူဟာ အခုနှစ် စစ်တမ်းမှာတော့ နံပါတ် ၅ နေရာကို ဆင်းသွားခဲ့ပြီး အသက် ၂၂ နှစ်အရွယ် အဆိုတော် Jungkook က ထိပ်ဆုံးကို ရောက်လာခဲ့ပါတယ်။ Jungkook ဟာ တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS ရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။
Pewdiepie လို့လူသိများပြီး ဆွီဒင် YouTuber ဖြစ်တဲ့ အသက် ၃၀ အရွယ် Felix Kjellberg ဟာ နံပါတ် ၂ နေရာမှာ ရှိနေပြီး ကနေဒါအဆိုတော် Shawn Mendes က တတိယနေရာမှာ ရှိနေပါတယ်။ နောက်ထပ် BTS အဖွဲ့ဝင် V ကတော့ နံပါတ် ၄ နေရာမှာ ရှိနေပါတယ်။
ကမ္ဘာ့အလှပဆုံး မျက်နှာပိုင်ရှင်စာရင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ထိပ်ဆုံးကနေ ဦးဆောင်ခဲ့သူတွေထဲမှာ မင်းသမီးတွေဖြစ်ကြတဲ့ Nicole Kidman, Keira Knightley နဲ့ Natalie Portman တို့ပါဝင်ကြပါတယ်။
၂၀၁၃ ခုနှစ်ကနေစတင်ခဲ့တဲ့ အမျိုးသားစာရင်းမှာတော့ မင်းသားတွေဖြစ်ကြတဲ့ Michael Fassbender နဲ့ Michiel Huisman တို့ ပါဝင်ခဲ့ကြဖူးပါတယ်။ အဆိုတော် Tzuyu ဟာ ၂၀၁၇ ခုနှစ်စာရင်းမှာ တတိယနေရာနဲ့ ပြီးခဲ့တဲ့နှစ်က ဒုတိယနေရာမှာ ရပ်တည်ခဲ့ဖူးပါတယ်။ Jungkook ကတော့ ပြီးခဲ့တဲ့နှစ်မှာ ဒုတိယနေရာကနေ ရပ်တည်ခဲ့ပြီးတဲ့နောက် အခုနှစ်မှာ ထိပ်ဆုံးကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
Ref: asiaone