အိန္ဒိယသမ္မတချီးမြှင့်တဲ့ Dadasaheb Phalke ဆုကို လက်ခံရယူခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း
ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ Dadasaheb Phalke ဆုကို လက်ခံရယူခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်းက အနာဂတ်မှာ လည်း အလုပ်တွေ ပိုလုပ်သွားဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
အသက် ၇၇ နှစ်အရွယ် မင်းသားကြီး အမီတာကို အိန္ဒိယသမ္မတအိမ်တော်မှာ သမ္မတ Ram Nath Kovind က ချီးမြှင့်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွက် ဂုဏ်ပြုခံထိုက်သူဖြစ်တဲ့အတွက် ကြေညာခဲ့ချိန်မှာ မင်းသားကြီးဟာ အိမ်မှာပဲ နားနားနေနေ နေရတော့မှာလားဆိုပြီးသံသယဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မင်းသားကြီးက “ဒီဆုကို ကြေညာလိုက်တဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာ သံသယတခုပေါ်လာခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း များစွာ အလုပ်လုပ်ခဲ့ပြီးတဲ့နောက် ကျနော့်ကို အိမ်မှာပဲ ထိုင်နေရတော့မယ်လို့ဆိုတဲ့ အချက်ပြမှုလား ဆိုပြီးတော့လေ။ ကျနော်ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အလုပ်တွေ ပိုလုပ်ရပါဦးမယ်”
“ကျနော်အလုပ်တွေ ပိုလုပ်ဖို့ အခွင့်အရေး ရနိုင်မယ့် ဖြစ်နိုင်ချေတွေလည်း ရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်က ရှင်းလင်းချင်ခဲ့တာပါ” လို့ ဆိုပြီး ဆုကို လက်ခံခဲ့ပါတယ်။
ဟင်ဒီရုပ်ရှင်ဝါရင့်သရုပ်ဆောင် မင်းသားကြီးဟာ အိန္ဒိယ အစိုးရ၊ သတင်းအချက်အလက်နဲ့ ရုပ်သံထုတ်လွှင့်ရေး ဝန်ကြီးဌာန၊ Dadasaheb Phalke ဆုရှင်အဖြစ် ရွေးချယ် သတ်မှတ်ပေးခဲ့တဲ့ အမျိုးသားရုပ်ရှင်ဆုရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
မင်းသားကြီးက “ဘုရားသခင်က ကြင်နာတတ်ပါတယ်။ ကျနော့် မိဘတွေ၊ ရုပ်ရှင်ထုတ်လုပ်သူတွေ၊ သရုပ်ဆောင်တွေ အတွက် ကောင်းချီးမင်္ဂလာဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယ ပရိသတ်တွေရဲ့ အဆုံးမရှိတဲ့ အားပေးမှုတွေ အချစ်တွေ အတွက်တော့ ကျနော်က အကြွေးတင်တဲ့သူ အများဆုံးဖြစ်ပါတယ်။ ဒါဟာ ကျနော် ဒီနေရာမှာ ရပ်နေရတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ကျနော်ဟာ နှိမ်ချစွာ၊ ကျေးဇူးတင်စွာနဲ့ ဒီဆုကို လက်ခံပါတယ်” လို့ဆိုပါတယ်။
မင်းသားကြီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသား ရုပ်ရှင်ဆုပေးပွဲမှာ ဒီဂုဏ်ပြုဆုကို လက်ခံရယူဖို့ ရှိခဲ့ပေမယ့် ကျန်းမာရေးမကောင်းတာကြောင့် ဆုပေးပွဲကို တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
အဲ့ဒီဆုကို နိုင်ငံတော်သမ္မတကနေ ကြီးမှူးကျင်းပမယ့် အထူးအခမ်းအနားမှာ ချီးမြှင့်မှာဖြစ်တဲ့အကြောင်း ဆုပေးပွဲမှာ သတင်းအချက်အလက်နဲ့ ရုပ်သံထုတ်လွှင့်ရေးဝန်ကြီး Prakash Javadekar က ကြေညာခဲ့တာ ဖြစ်ပါတယ်။
မင်းသားကြီးနဲ့အတူ ဇနီးဖြစ်သူ ဝါရင့်မင်းသမီးကြီး ဂျာယာဘဂျမ်း၊ သားဖြစ်သူ မင်းသား အဘီရှပ် ဘဂျမ်းတို့လည်း တက်ရောက်ခဲ့ပါတယ်။ မင်းသားကြီးဟာ ၂၀၂၀ ပြည့်နှစ်မှာလည်း Gulabo Sitabo, Chehre, Jhund နဲ့ Brahmastra စတဲ့ ရုပ်ရှင် ဇာတ်ကားလေးကားကို ဖြန့်ချိဖို့ ရှိနေပါတယ်။
Ref: hindustantimes
You may also like these stories:
ဘောလိဝုဒ်ရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို ရရှိခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း
မွမ်ဘိုင်းအကြမ်းဖက်ဖြစ်စဉ်မှ သူရဲကောင်းတွေကို ဂုဏ်ပြုခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း
အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး မင်းသားဆု” ရရှိခဲ့တဲ့ မင်းသားကြီး Gary Oldman