၂၀၁၉ ခုနှစ် အတွင်း ကွယ်လွန်ခဲ့တဲ့ အနုပညာရှင်များဟာ အသက်အရွယ်၊ ရောဂါဝေဒနာစတဲ့ အကြောင်းအမျိုးမျိုး ကြောင့် ကြွေလွင့်ခဲ့ကြရပါတယ်။ ဒါကြောင့် ၂၀၁၉နှစ်တွေအတွင်း ကြွေလွင့်ခဲ့ကြတဲ့ အနုပညာရှင် များ အကြောင်း အောက်မေ့ လွမ်းဆွတ်ဖွယ် အနေနဲ့ ဧရာဝတီက စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။
ကင်းကောင်
ဟာသ သရုပ်ဆောင်ကင်းကောင်ဟာ ၂၀၁၉ ဇန်နဝါရီလ၂၂ရက် မနက် ၇ နာရီဝန်းကျင်က ပုပ္ပါးမှာချွဲကျပ်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ကင်းကောင်ဟာ အသက် ၅၅နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေး အနည်းငယ်ပြန်လည် ကောင်းမွန်လာချိန်ပါ။ ကျန်းမာရေးကောင်းလို့ ဇာတ်ကားများ ပြန်လည်ရိုက်ကူးလာရာမှ ဇာတ်ကားရိုက်ကူးရေး ခရီးစဉ်အတွင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေရရှိထားတဲ့ ကင်းကောင်ဟာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား များစွာ မှာလည်း ဟာသသရုပ်ဆောင် တဦးအဖြစ် ပါဝင်ခဲ့သူလည်းဖြစ် ပြီး လူရွှင်တော်အသင်းရဲ့ နာယကတဦးလည်း ဖြစ်ပါတယ်။
ဟာသသရုပ်ဆောင် ကင်းကောင်ဟာ တက္ကသိုလ်ကျောင်းသား ဘဝကတည်းက အနုပညာလုပ်ငန်းများကို ပါဝင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး “အရှည်ကြီး”အမည်နဲ့ လူရွှင်တော်တဦးအဖြစ် စတင်ခဲ့ကာ မြပုဏ္ဏမာအငြိမ့်မှာ ကင်းကောင်အမည် ဖြင့် စတင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ကင်းကောင်ဟာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)စီစဉ်တင်ဆက်သည့် “သရဲလေးကောင်နှင့် ကျွန်တော်” ပြဇာတ်မှာလည်း အကယ်ဒမီ လွင်မိုး၊ အရိုင်း၊ ငှက်ပျောကြော်၊ ဖိုးဖြူတို့နှင့် တွဲဖက်ညီညီ တင်ဆက်ခဲ့သူဖြစ်ပြီး “သရဲလေးကောင်” ပြဇာတ်မှာအောင်မြင်မှု များစွာရရှိခဲ့ပြီး လက်ရှိအချိန်ထိ ပရိသတ်များရင်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည့် ပြဇာတ်တခု ဖြစ်ပါတယ်။
ကစ်ကစ်
မြန်မာနိုင်ငံမှာ ရှားပါးတဲ့ အမျိုးသမီး ဟာသမယ်တဦးဖြစ်တဲ့ ကစ်ကစ်ကတော့ ၂၀၁၉ နိုဝင်ဘာ ၂၆ ရက်နေ့ မှာ သူချစ်တဲ့ အနုပညာလောကကို ကျောခိုင်း ထွက်ခွာသွားခဲ့တာပါ။ ကစ်ကစ်ဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၄၈ နှစ် အရွယ် ရှိပြီဖြစ်ပြီး သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။ ကစ်ကစ်ဟာ မကွယ်လွန်သေးတဲ့ အချိန်အထိ ကျောက်ကပ်ရောဂါ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး အလှူရှင်များ ပေးလှူခဲ့တဲ့ အလှူငွေများနဲ့ ရောဂါကို ကုသခဲ့ရသူပါ။
ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ အနုပညာလောကထဲမှာ ဗီဒီယိုဇာတ်ကားများ၊ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို ရယ်မော ပျော်ရွှင်စေခဲ့သူပါ။ သရုပ်ဆောင် ကစ်ကစ်က လယ်ဝေးဇာတိဖြစ်ပြီး ရန်ကုန်ကို ရောက်ရှိကာ အနုပညာလောကထဲ ဝင်ရောက်လာခဲ့သူပါ။
ကျောက်ကပ်ရောဂါကြောင့် ဝေဒနာခံစားနေရချိန်မှာတောင် အနုပညာအလုပ်တွေကို ဆက်လုပ်ချင်နေခဲ့တဲ့ အနုပညာရှင်တဦးပါ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ရှားရှားပါးပါး အမျိုးသမီးဟာသ သရုပ်ဆောင်ကစ်ကစ်က ၂၀၁၉ခုနှစ်အတွင်းမှာပဲ ကွယ်လွန်သွားခဲ့တာပါ။
သာဇံ
ဟားငါးကောင် အဖွဲ့ဝင်ဟောင်း လူရွှင်တော် သာဇံဟာ ၂၀၁၉ နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ အနောက်ပိုင်း ဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သာဇံကွယ်လွန်ချိန်မှာတော့ အသက်၃၄နှစ် ရှိနေပြီ ဖြစ်ပါတယ်။
သာဇံကတော့ ကွယ်လွန်သွားတော့ မိန်းမနဲ့ ကလေးကတော့ ကျန်ခဲ့ပါတယ်။ ကလေးလေးက မွေးခါစအရွယ်လေးဖြစ်လို့လည်း သူရဲ့ ကျန်ရစ်ခဲ့တဲ့ ဇနီးနဲ့ ကလေးကို ကျန်ရစ်တဲ့ လူရွှင်တော်များက ကူညီစောင့်ရှောက်ပေးခဲ့ရပါတယ်။ သာဇံကလည်း သူမကွယ်လွန်ခင်မှာ ပရိသတ်များကို ရယ်မောစရာ ဟာသပြက်လုံးများနဲ့ ရယ်မောပျော်ရွှင်စေခဲ့သူ တဦးပါ။
တေးရေး ကမ္ဘာ
အဆိုတော်ဂျီလတ်ရဲ့ ညီဖြစ်သူ တေးရေးကမ္ဘာကတော့ ၂၀၁၉ ခုနှစ် မတ်လအတွင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် လမ်းပေါ်မှာ သေဆုံးလျက် တွေ့ရှိခဲ့ကြတာပါ။ ထိုးသွင်းဒဏ်ရာများနဲ့ သေဆုံးခဲ့တာ ဖြစ်ပေမယ့် ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိခဲ့ရပါဘူး။
တေးရေးကမ္ဘာက အဆိုတော်ဂျီလတ်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းများစွာကို ရေးသားပေးခဲ့သူပါ။ ကမ္ဘာရဲ့ ထင်ရှားပြီး လူကြိုက်များခဲ့တဲ့ တေးသီချင်းတွေကတော့ “ခဏတာ”၊ “အချိန်လွန်ငှက်”၊ “မြို့ပြလမ်းခွဲ”၊ “ထို့ကြောင့် ဝေးရသည်” စတဲ့ တေးသီချင်းတွေပဲ ဖြစ်ပါတယ်။
You may also like these stories:
လူအများကို ပျော်ရွှင်စေခဲ့ပေမယ့် ဘဝနောက်ဆုံးအချိန်မှာ မပျော်ရွှင်ခဲ့ရတဲ့ ကစ်ကစ်
ဦးနှောက်သွေးကြော ပေါက်လို့ ဆေးရုံတင်ခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ဝက်မရဲ့ လက်ရှိ ကျန်းမာရေး
ဟာသ သရုပ်ဆောင် ကစ်ကစ် ကွယ်လွန်မှုအပေါ် ဝမ်းနည်းစကားဆိုကြတဲ့ အနုပညာရှင်များ