အက်ရှင် စွန့်စားခန်း ရုပ်ရှင် “Ashfall” ဟာ အခု နှစ်သစ်ကူး ပိတ်ရက် ကာလရဲ့ တောင်ကိုရီးယား ရုံဝင်ငွေ စာရင်းမှာ ဦးဆောင်နေတယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ခရစ်စမတ်နဲ့ နှစ်သစ်ကူး ပိတ်ရက်ကာလတွေအတွက် ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ လလယ်ပိုင်းကစလို့ “Ashfall,” “Start-up” နဲ့ “Forbidden Dream” စတဲ့ ရုပ်ရှင်တွေကို ဖြန့်ချိပြသခဲ့တာ ဖြစ်ပါတယ်။
နာမည်ကျော် မင်းသားတွေဖြစ်တဲ့ လီဗြောင်ဟွန်းနဲ့ ဟာဂျောင်ဝူးတို့ ပါဝင်ထားကြတဲ့ “Ashfall” ရုပ်ရှင်ကတော့ ပိတ်ရက်ကာလ ရုံဝင်ငွေစာရင်းကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပထမဆုံး စတင်ပြသခဲ့တဲ့ အချိန်ကစလို့ ကြည့်ရှုသူ ၆ ဒဿမ ၈ သန်း ရှိခဲ့ပြီလို့လည်း သိရပါတယ်။
လီဟယ်ဂျွန်နဲ့ ကင်ဗြောင်ဆောတို့ ပူးတွဲ ရိုက်ကူးထားတဲ့ ဟောလိဝုဒ်စတိုင် သဘာဝဘေးအန္တရာယ် အသားပေး ရုပ်ရှင်ဟာ ကိုရီးယားကျွန်းဆွယ် မြောက်ဖျားပိုင်းမှာ ရှိတဲ့ ဘဲ့ဒူတောင် ပေါက်ကွဲမှုကို ကာကွယ်ဖို့ တောင်နဲ့ မြောက်ကိုရီးယား စစ်တပ်အရာရှိတွေ ပူးပေါင်းဆောင်ရွက်ကြပုံကို ရှုစားရမှာ ဖြစ်ပါတယ်။
“Ashfall” ရုပ်ရှင်ဟာ ထုတ်လုပ်မှုကုန်ကျစရိတ် ဒေါ်လာ ၂၂ ဒဿမ ၃ သန်းရှိခဲ့တဲ့ “Along With the Gods” စီးရီးလိုက်ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ Dexter Studios ရဲ့ ၂၀၁၉ ခုနှစ်အတွက် ပရိသတ် စိတ်ဝင်စား အခံရဆုံး ရုပ်ရှင်တကား ဖြစ်လာခဲ့ပါတယ်။ အခုလာမယ့် သီတင်းပတ်ကုန်ပိုင်းမှာတော့ ကြည့်ရှှုတဲ့ ပရိသတ် ၇ ဒဿမ ၃ သန်းအထိ ကျော်လွန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရုံတင်ခဲ့တဲ့ “Start-up” ကတော့ နာမည်ကျော် Webtoon တခုကို အခြေခံထားပြီး ဇန်နဝါရီလ ၁ ရက်နေ့အထိ လက်မှတ်အစောင်ရေ ၂ ဒဿမ ၇ သန်း ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရုံတင်ခဲ့တဲ့ သမိုင်းနောက်ခံရုပ်ရှင် “Forbidden Dream” ကတော့ ၇ ရက်ကြာ ပြသခဲ့ပြီးတဲ့နောက်မှာ လက်မှတ် ၁ ဒဿမ ၂ သန်းရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။
Ref: Yonhap
You may also like these stories:
Marvel စတူဒီယိုမှာ ‘Deadpool 3’ ရုပ်ရှင်ရိုက်ကူးနေပြီလို့ Ryan Reynolds အတည်ပြုပြော
ရုံဝင်ငွေ ဒေါ်လာသန်း ၁၃၀ ကျော်နဲ့ ပွဲထွက်လာခဲ့တဲ့ “Frozen 2” ရုပ်ရှင်
“Toy Story 4” ရုပ်ရှင်ဝင်ငွေကို မကျော်တက်နိုင်ခဲ့တဲ့ “Annabelle Comes Home” ရုပ်ရှင်