ခပ်မိုက်မိုက် ကာရိုက်တာများနဲ့ အမြဲတွေ့ရလေ့ရှိတဲ့ သရုပ်ဆောင် ထူးခြားကတော့ ၂၀၂၀ နှစ်အစ အဖွင့်မှာတော့ ပြည့်တန်ဆာခေါင်း ကာရိုက်တာနဲ့ မြင်တွေ့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“၂၀၂၀ မှာတော့ နှစ်အဖွင့်ကို ပြည့်တန်ဆာခေါင်းနဲ့ မြင်ရမှာပါ။ အဲ့ဘက်ကို နည်းနည်းသွားမယ်။ ၂၀၁၉ ကတော့ တကယ်ကို ခေတ်ပျက်ကြီးပါပဲ။ ကျနော်တို့ရိုက်ခဲ့တဲ့ ကားလေးတွေ ရုံတင်ရတဲ့နှစ်လို့ပဲ ပြောရမလား။ တကယ်တမ်းကျတော့ အနုပညာလောကကလည်း နည်းနည်းလေးအေးနေတော့ လက်ရှိမှာတော့ အလုပ်ကတော့ မရှိကြဘူး”လို့ ထူးခြားက ပြောပါတယ်။
အဆိုပါ ပြည့်တန်ဆာခေါင်း ဇာတ်ရုပ်ကတော့ “၃(က)” 3A ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မြင်ရမှာဖြစ်ပြီး ဒီဇာတ်ကားကတော့ ဖိနှိပ်ခံ မိန်းကလေးများရဲ့ဘဝအကြောင်းများကို လှည့်ကွက်များနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပါဝင်ဖြစ်တာနဲ့ပတ်သက်ပြီး ထူးခြားက “ဘိုလိုပြောမယ်ဆိုရင် FG ပေါ့။ ဗမာလိုပြောမယ်ဆိုရင် ပြည့်တန်ဆာ ခေါင်း၊ အဲ့နေရာကပါ။ ကာရိုက်တာအရကတော့ ဒီကားလေးကို စစချင်း လက်ခံကတည်းက ပြည့်တန်ဆာခေါင်းမှန်း သိသိကြီးနဲ့ လက်ခံခဲ့တာပါ။ ဒီကာရိုက်တာလေးကို လုပ်ကြည့်ချင်တယ်။ ကျနော်လည်းတခါမှ မလုပ်ဖူးလို့ အဲ့အတွက် လုပ်ခွင့်ရတဲ့အတွက် ကျနော်ကတော့ ဝမ်းသာပါတယ်” လို့ ထူးခြားကပြောပါတယ်။
ထူးခြားအနေနဲ့လည်း ကာရိုက်တာအသစ်တွေကို လုပ်ရတာသဘောကျပြီး ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း လူသားချင်းစာနာတယ်လို့ ဆိုပါတယ်။
“ကျနော်က အသစ်တွေ လုပ်ချင်တယ်။ ကျနော့်ကို အသစ်တွေ လုပ်ခွင့်ပေးတာကိုပဲ ကျေးဇူးတင်တယ်။ ဒီလို လူတန်းစားတွေ အတွက်ကတော့ Message တခု ပါပါတယ်။ ကျနော်ကတော့ လူသားချင်း စာနာတယ်။ သနားတယ်ဗျ” လို့ ထူးခြားက ပြောပါတယ်။
ခပ်ကြမ်းကြမ်း ကာရိုက်တာများနဲ့သာ အတွေ့များရတဲ့အတွက် ပရိသတ် တမျိုးမြင်မှာ မစိုးရိမ်ဘူးလားဆိုတာကိုလည်း ထူးခြားက “ပရိသတ်အမြင်ကိုတော့ ဘယ်လိုမှ မဖြစ်ဘူး။ အရင်က မုဒိမ်းကျင့်တာတွေ ရိုက်ဖူးတယ်။ ခါးပိုက်နှိုက်လည်း ရိုက်ဖူးတယ်။ အကုန် ရိုက်ဖူးတယ်ဗျာ။ ပြည့်တန်ဆာခေါင်းလည်း ရိုက်ဖူးပြီ။ ဒါက ကျနော့်ရဲ့အနုပညာပါ” လို့ပြောပါတယ်။
“၃ (က)” 3A ကားကိုတော့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး ဒါရိုက်တာ အောင်ချမ်းလူက ရိုက်ကူးပြီး သရုပ်ဆောင် ချမ်းမင်းရဲထွဋ်၊ နန်းဆုဦး၊ စိုးမြတ်သူဇာ၊ ထူးခြား၊ ဇင်မျိုး၊ ဒေါင်းဝေ၊ ကလေးသရုပ်ဆောင် ဟိဏ်းသီရိစံနဲ့ တခြား သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
Single Mother ပြည့်တန်ဆာတယောက်အနေနဲ့ မြင်တွေ့ရမယ့် နန်းဆုဦး
“ဖြစ်ရပ်မှန် ဇာတ်ကားအတွက် အိုက်တင် လျှံမသွားအောင် လုပ်ရတယ်”လို့ မြင့်မြတ် ပြော
“တိမ်တွေပေါ်ကပန်း”ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ စင်ရော်မောင်မောင်တို့ သားအဖ