အဆိုတော် ဂျက်စတင်ဘီဘာဟာ ဂီတလောကနေ ၃ နှစ်ကြာ ဝေးကွာခဲ့ပြီးတဲ့နောက် ဂီတလုပ်ငန်းတွေ ပြန်မစခင် အပိုင်း ၁၀ ပိုင်းပါဝင်တဲ့ မှတ်တမ်းစီးရီးထဲမှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝအကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာကို တွေ့ရပါတယ်။
သူ့ရဲ့ ပထမဆုံး မှတ်တမ်းစီးရီးဖြစ်တဲ့ “Justin Bieber: Seasons” ကို လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ လွှင့်တင်ပေးမှာဖြစ်တယ်လို့ YouTube က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကြေညာထားပါတယ်။
၄ နှစ်အတွင်း ပထမဆုံးဖြစ်လာမယ့် သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ် မတိုင်ခင် လွှင့်ထုတ်မယ့် အဲ့ဒီ မှတ်တမ်း စီးရီးမှာတော့ ဇနီး မော်ဒယ် Hailey Baldwin၊ တခြား မိသားစုဝင်တွေနဲ့အတူ ဖြတ်သန်း နေထိုင်တဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာဘဝ တစေ့တစောင်းကိုလည်း ရှုစားကြရမှာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်တုန်းက အသက် ၁၃ နှစ်အရွယ် ချစ်စရာ မျက်နှာလေးနဲ့ YouTube မှာ နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော် ဘီဘာဟာ ၂၀၁၇ ခုနှစ်မှာတော့ အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Purpose ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ရပ်နားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာတော့ သူဟာ Follower ၁၂၄ သန်းရှိတဲ့ သူ့ရဲ့ Instagram မှာ ပို့စ်တွေကို တင်ခဲ့ပြီး အဲ့ဒီပို့စ်တွေထဲမှာ စိတ်ဓာတ်ကျမှု၊ မူးယစ်ဆေးသုံးစွဲမှု၊ နာမည်ကျော်ကြားမှု၊ ဘာသာရေးနဲ့ ငယ်ချစ် Baldwin တို့ကြား အချစ်ရေး စတဲ့အကြောင်းအရာတွေကို ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အစောပိုင်းမှာတော့ အသက် ၂၅ နှစ်အရွယ် ဘီဘာက ၄ နှစ်အတွင်း ပထမဆုံး အယ်လ်ဘမ်ဖြန့်ချိမှာဖြစ်ပြီး မြောက်အမေရိက နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ်မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အခုအထိ နာမည်ပေးမထားရသေးတဲ့ အယ်လ်ဘမ်ထဲက ပထမဆုံး Single သီချင်းကိုတော့ လာမယ့် ဇန်နဝါရီလ ၃ ရက်နေ့မှာ ဖြန့်ချိဖို့ ရှိနေပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ဖြန့်ချိလိုက်တဲ့ မှတ်တမ်းစီးရီးရဲ့ အမြည်းဗီဒီယိုမှာတော့ Baldwin က “ဒါကို ကြည့်လိုက်မယ် ဆိုရင် လူတွေက သူ့ရဲ့ ဘဝကို တစေ့တစောင်း ကြည့်နိုင်မှာ ဖြစ်ပါတယ်”လို့ ပြောဆိုထားပါတယ်။
ထုတ်ပြန်ချက် တခုမှာတော့ ကနေဒါအဆိုတော် ဘီဘာက “ကျနော် ဘဝစတင်ခဲ့တဲ့ အချိန်မှာ YouTube က ကျနော့်ကို ပရိသတ်တွေနဲ့အတူ ဂီတ၊ အတွေ့အကြုံနဲ့ အချိန် အခိုက်အတန့်တွေ မျှဝေနိုင်မယ့် ပလက်ဖောင်းနဲ့ အသိုင်းအဝန်းတခုကို ထောက်ပံ့ပေးခဲ့ပါတယ်”လို့ ပြောဆိုထားပါတယ်။
Ref: CNA
You may also like these stories:
အိန္ဒိယသမ္မတချီးမြှင့်တဲ့ Dadasaheb Phalke ဆုကို လက်ခံရယူခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း
AMAs ပွဲမှာ ဆယ်စုနှစ်တာအတွက် အကောင်းဆုံး အနုပညာရှင်ဆု လက်ခံရယူမယ့် Taylor Swift
အန္တရာယ်များတဲ့ Prank နဲ့ စိန်ခေါ်မှု ဗီဒီယိုများကို YouTube တားမြစ်