ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ဟောလိဝုဒ် ရုပ်ရှင်တွေရဲ့ ကင်မရာ နောက်ကွယ်မှာရှိတဲ့ အမျိုးသမီ းဒါရိုက်တာ အရေအတွက်ဟာ စံချိန်တင်အောင် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Frozen II, Captain Marvel နဲ့ Hustlers တို့လိုမျိုး အမျိုးသမီး ဒါရိုက်တာတွေ ရိုက်ကူးတဲ့ ရုပ်ရှင် ၁၂ ကားဟာလည်း တော်တော်လေး ဝင်ငွေကောင်းခဲ့တယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ လေ့လာချက်နှစ်ခုမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ထိပ်တန်းရောက်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ဒါရိုက်တာတွေထဲက ၁၀ ဒဿမ ၆ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး အဲ့ဒီပမာဏဟာ ၂၀၁၈ ခုနှစ်တုန်းက ပမာဏထက် နှစ်ဆခန့် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီပမာဏဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမျိုးသမီး ဒါရိုက်တာတွေ ပါဝင်နှုန်း အမြင့်ဆုံးဖြစ်တယ်လို့ တောင်ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ Annenberg Inclusion Initiative အဖွဲ့က ပြုလုပ်တဲ့ လေ့လာချက်တခုက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ ထိပ်တန်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ၁၀၀ စာရင်းထဲက ဒါရိုက်တာ၊ စာရေးဆရာ၊ ထုတ်လုပ်သူ၊ အယ်ဒီတာနဲ့ ရုပ်ရှင်ဓာတ်ပုံ ကျွမ်းကျင်သူ ၂၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး ၂၀၁၈ ခုနှစ်တုန်းက ၁၆ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ဆန်ဒီယေဂိုပြည်နယ် တက္ကသိုလ်ရဲ့ Women in Television and Film အဖွဲ့လေ့လာချက်မှာ တွေ့ရပါတယ်။
Greta Gerwig ရဲ့ “Little Women” နဲ့ Olivia Wilde ရဲ့ “Booksmart” တို့လိုရုပ်ရှင်တွေကလည်း အမျိုးသမီး ဒါရိုက်တာ အရေအတွက် မြင့်တက်လာမှုကို အထောက်အကူပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနုပညာလောကကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ #MeToo နဲ့ Time’s Up လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့ရာကနေ ဆယ်စုနှစ် တခုကျော်အတွင်း ဟောလိဝုဒ်မှာ အဓိက ခေါင်းစဉ်ဖြစ်ခဲ့ရတဲ့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူနေရာတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ တွန်းအားပေး လုပ်ဆောင်မှုတွေလည်း ရှိလာခဲ့ပါတယ်။
၂၀၁၀ ခုနှစ်တုန်းက “The Hurt Locker” ရုပ်ရှင်ဒါရိုက်တာ Kathryn Bigelow ဟာ အော်စကာ သမိုင်းမှာ အကောင်းဆုံး ဒါရိုက်တာဆုရတဲ့ တဦးတည်းသော အမျိုးသမီးဖြစ်ပြီး အော်စကာ၊ ရွှေကမ္ဘာလုံးဆု၊ ဒါရိုက်တာ အစည်းအရုံးဆု၊နဲ့ ဝေဖန်သူ ရွေးချယ်မှုဆုတွေ အပါအဝင် ၂၀၀၈ ခုနှစ်ကစလို့ ဟောလိဝုဒ် ထိပ်တန်း ဆုပေးပွဲတွေမှာ ဒါရိုက်တာဆုအဖြစ် အမျိုးသမီး ၄ ဦးသာ လျာထားခံခဲ့ရပါတယ်။
လာမယ့် ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျင်းပတော့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဒါရိုက်တာဆုအဖြစ် လျာထားခံရသူတွေအထဲမှာ အမျိုးသမီး တယောက်မှ မပါရှိခဲ့ပါဘူး။ အခု ၂၀၂၀ ပြည့်နှစ်မှာ ပြသမယ့် ရုပ်ရှင်တွေထဲမှာ အမျိုးသမီးတွေ ရိုက်ကူးတဲ့ “Mulan”, “Wonder Woman 1984”, “Black Widow” နဲ့ “Eternals” တို့လိုရုပ်ရှင်တွေကို ရှုစားရဖို့ ရှိနေပါတယ်။
Ref: Reuters
You may also like these stories:
၂၀၂၀ ပြည့်နှစ်မှာ ရုံတင်မယ့် “Wonder Woman 1984” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိလာ
Jack and The Bean Stalk ရုပ်ရှင်ကို Live-action အဖြစ် ထုတ်လုပ်ဖို့ရှိနေတဲ့ Disney
မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Abominable” ကာတွန်းရုပ်ရှင်