Entertainment

အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်း မဟုတ်ကြောင်း နိုင်ဇော် ပြော

Want create site? Find Free WordPress Themes and plugins.

အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်း အမှန် မဟုတ်တဲ့အကြောင်း ဂီတမှူး နိုင်ဇော်က ဧရာဝတီကို ပြောပါတယ်။

“ကျနော်က ကျိုက်လတ်ရောက်တော့ နားနေတုန်း ကျနော့် မိတ်ဆွေ ကိုချမ်းအေးကြွယ်က ဖုန်းလှမ်းဆက်ပြီး ဆုံးပြီပြောတော့ ကျနော်စုံစမ်းလိုက်ဦးမယ်ပေါ့။ ကိုဆိုင်မောဝ် ဖုန်းတွေလည်း မရှိတော့ မန္တလေးက ကျနော့်မိတ်ဆွေ တယောက်ကို လှမ်းဆက်မေးတော့ ဆေးရုံမှာ ကောင်းပါတယ်။ အခုလို သတင်းအမှားတွေ တက်နေတော့ မကောင်းဘူးလို့ အဲ့ဒါနဲ့သူက ဓာတ်ပုံပို့ပေးလိုက်မယ် ပြောတယ်”

“နောက်ကျတော့ ဗီဒီယို ပြောလိုက်ဆိုတော့ ကျနော်နဲ့ ဗီဒီယိုပြောကြတယ်။ ကိုဆိုင်မော်ဝ် ကျနော် ဆုတောင်းပေးတယ်နော်။ သူက ကျန်းကျန်းမာမာပါပဲ။ နေကောင်းပါစေပြောတော့ ကိုနိုင်ဇော်လား ပြောတယ်။ အစ်ကိုနဲ့ ကျနော်နဲ့ ခက်ခက်ခဲခဲ ခရီးတခုလည်း ဖြတ်သန်းဖူးတယ်လေဆိုပြီး အမှတ်တရလေးတွေ ပြောကြတယ်”လို့ နိုင်ဇော်က ပြောပါတယ်။

“ကိုဆိုင်မော်ဝ် ကျန်းမာတယ်။ လူတွေ ထင်ထားသလို ဆေးရုံမှာ သတိမရတာ မဟုတ်ပါဘူး။ ကျန်းမာရေးတော့ မကောင်းပေမယ့် မသေသေးဘူးဆိုတာကို သိစေချင်လို့ ကျနော် ဓာတ်ပုံတင်လိုက်တာပါ။ မန္တလေး နန်းတော်ဆေးရုံမှာ တက်နေတာ ကျောက်ကပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ကျန်တာတော့ ကျနော် သိပ်မသိဘူး။ လူချင်းမတွေ့ရသေးဘူး”လို့ ဂီတမှူး နိုင်ဇော်က ဧရာဝတီကို ပြောပါတယ်။

ခိုင်လုံတဲ့ သတင်းတွေတင်တာ ပြဿနာ မရှိပေမယ့် မခိုင်လုံဘဲတင်ရင် နစ်နာတာမို့ မဟုတ်တဲ့ သတင်းကို မတင်စေချင်ဘူးလို့ နိုင်ဇော်က ဆိုပါတယ်။

“Facebook ခေတ်ဆိုတော့ သတင်းထူးရင် လူတွေက Share ချင်ကြတယ်။ သတင်းဌာနတွေကလည်း ခွင့်ပြုချက် တင်စရာမလိုတော့ သတင်းဦး၊ သတင်းထူးရင် တင်ချင်ကြတယ်။ တချို့က မဟုတ်မှန်းသိတယ်။ ဒါပေမဲ့ Like တွေ Share တွေများရင် ကြော်ငြာပြီးသားဖြစ်တယ်ဆိုပြီး တင်ကြတယ်”

“အဲ့လို တင်ကြတော့ သတင်းအမှန်ရော ကောလာဟလတွေတော့ လူတွေက မခွဲတတ်တော့ဘူး။ ကျနော်တို့ကတော့ မဟုတ်တဲ့ သတင်းကို မတင်စေချင်ဘူး။ သေချာပြီဆိုမှ တင်တာပိုကောင်းတာပေါ့နော်။ ခိုင်လုံလို့ တင်တာ ပြဿနာမရှိပေမယ့် မခိုင်လုံဘဲတင်တော့ နစ်နာတာပေါ့”လို့ နိုင်ဇော်က ပြောပါတယ်။

အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ကျောက်ကပ်ရောဂါ ခံစားနေရတဲ့အပြင် လေဖြန်းပြီး ချော်လဲရာက ခေါင်းထိသွားတာကြောင့် အာရုံကြောလည်း ထိသွားခဲ့ဖူးတယ်လို့ သိရပါတယ်။ စိုင်းဆိုင်မောဝ်ရဲ့ ကျန်းမာရေးကတော့ ဇန်နဝါရီလ ၂ ရက်နေ့ အထိ စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။

You may also like these stories:

ဧပြီလအတွင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲ

လက်ထပ်မယ့်သူ တယောက်တည်းကိုပဲ တွဲချင်တယ်လို့ ပြောတဲ့ ယဉ်လက်ရဲ့ အချစ်ရေး

“၂၀၁၉ ဟာ အောင်မြင်မှုတွေ များတဲ့ နှစ်တနှစ် ဖြစ်ခဲ့တယ်”လို့ အုပ်စိုးခန့် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading