Entertainment

ဆံပင်ညှပ်ခ အများကြီး ယူတယ်ဆိုပြီး ဝေဖန်ခံရလို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဒေါ်ကျင်ပို့ (Fancy House)

Want create site? Find Free WordPress Themes and plugins.
မြန်မာနိုင်ငံတွင် ဆိုင်ခွဲပေါင်းများစွာဖြင့် အလှပြုပြင်ရေးလောကမှာ နှစ်ပေါင်း ၄၀ ကျော်ကြာရပ်တည်လာခဲ့တဲ့ Fancy House ရဲ့ပဲ့ကိုင်ရှင် ဒေါ်ကျင်ပို့ကတော့ ဆံပင်ညှပ်ခ ယူတဲ့ ငွေပမာဏနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့တဲ့အပေါ် ပြန်လည်ပြောခဲ့ပါတယ်။

“ဘယ်နှခုနှစ်ကလဲတော့ မသိဘူး။ မေ့သွားပြီ။ ကျမဆံပင်ညှပ်တာ ဘယ်လောက်လဲလို့ မေးတယ် အင်တာဗျူးတခုက နာမည်တော့ မပြောတော့ဘူး။ ကျမလည်း တကယ့်အစစ်အမှန်ကို ပြောလိုက်တာ။ ဒေါ်လာ ၁၀၀ လို့ပြောလိုက်တဲ့ အခါကျတော့ အဲဒါကိုသူက ဂျာနယ်ရဲ့မျက်နှာဖုံးမှာ တင်လိုက်တယ်။ အွန်လိုင်းမှာလည်းတင်လိုက်တော့ ကျမမှတ်မိတာ ကျမကို ၁ စက္ကန့်မှာလူတယောက် ဆဲတယ်။ ဒါကြီးကိုကြည့်ပြီးမျက်ရည်ကျပြီးတော့ စိတ်မကောင်းဘူး”

“ငါ့ကို နိုင်ငံတကာက ဒီကထွက်သွားရင် မြန်မာနိုင်ငံဆိုတာ အသိအမှတ်ပြုဖို့ နှစ် ၄၀ အချိန်ပေးခဲ့ရတယ်။ အခုငါဒီမှာ ဒေါ်လာ ၁၀၀ လေး ညှပ်တာကို ငါ့ကိုပြောလိုက်တာ ရစရာကို မရှိဘူး။ ဆဲတာမှ စုံနေတာ။ အဲ့စာမှာ ဆဲတဲ့သူ တော်တော်များတယ်” လို့ ဒေါ်ကျင်ပို့က ပြောပါတယ်။

ဆံပင်ညှပ်ခ ဒေါ်လာ ၁၀၀ ယူတဲ့အတွက် လူမှုကွန်ရက်မှာ အဆဲခံရတဲ့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတဲ့အရာများကို လွှတ်ချခဲ့ဖို့အထိ ဆုံးဖြတ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“အဲ့ဆဲနေတာတွေကိုကြည့်ပြီး ကျမက မျက်ရည်ကျနေတဲ့အချိန်မှာ ဆုံးဖြတ်လိုက်တယ်။ ငါပြန်လာတဲ့ရည်ရွယ်ချက်ကို ငါအဆုံးအရှုံးပေးလိုက်မယ်။ ပြီးရင်ဟိုဘက်နိုင်ငံကို ပြန်သွားမယ်။ ဒီ Fancy House ကို ရောင်းပစ်ပြီး မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်”

“အဲဒီအတွက်အကြာကြီးပဲ သူများနိုင်ငံမှာလည်း အနှိမ်ခံရတယ်။ အမျိုးမျို းနှိပ်စက်ခံရတယ်။ ကိုယ်နာမည်တခုရလာတဲ့ အခါမှာ နိုင်ငံတကာက အသိအမှတ်ပြုလာတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ကိုယ့်ကို အားပေးရမှာလေ။ အားပေးရမယ့်အစား အားမပေးဘဲ ဝိုင်းဆဲနေတော့ စိတ်မကောင်းဘူး”လို့ ဒေါ်ကျင်ပို့က ပြောပါတယ်။

ဒီလိုအဆဲခံရခြင်းမှာ ဒေါ်ကျင်ပို့ တယောက်တည်းကိုသာ ဆဲခြင်း မဟုတ်ဘဲ သူ့ထံ လာရောက်ညှပ်တဲ့ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းမှလူများ၊ မိသားဝင်များပါမကျန် အဆဲခံရတာဖြစ်တယ်လို့ သိရပါတယ်။

“ကိုယ့်ကိုပဲဆဲရင် ကိစ္စမရှိဘူး။ အဆဲခံရတဲ့သူအကုန်က ရုပ်ရှင်လောကက ဒီမှာလာအားပေးတဲ့ အနုပညာရှင်အကုန်က အဆဲခံရတယ်။ ဒီမှာလာအားပေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အဆဲခံရတယ်။ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းကလူတွေ အကုန်အဆဲခံရတယ်။ ကျမရဲ့မိသားစုဝင်တွေလည်း အဆဲခံရတယ်။ အကုန်လုံးပဲ”လို့ ဒေါ်ကျင်ပို့က ပြောပါတယ်။

ဆံပင်ညှပ်ခ နှုန်းထားကိုလည်း အခုအချိန်ထိ ဈေးမတက်ဘဲ ၂၀၂၀အတွက် ဘိုကင်ချိတ်လို့ မရခဲ့ရင်လည်း တောင်းပန်တဲ့ အကြောင်းပြောခဲ့ပါတယ်။

“ဈေးမတက်ပါဘူး။ ဒေါ်လာက ကျပ်တက်သွားတာပါ။ ၁ သိန်းခွဲ ယူပါတယ်။ အခု ၂၀၂၀ မှာ ကျမကို ၁သိန်းခွဲပေးရမှာမို့ လာမညှပ်တာ မဟုတ်ပါဘူး။ ဘိုကင် ချိတ်လို့ မရလို့ပါ။ အခုဆို တနှစ်ပတ်လုံး Plan က နိုင်ငံအတွက် လုပ်ပေးနေပါတယ်။ တခေါင်းညှပ် ၁ သိန်းခွဲရတာ ဘယ်သူမှ မလိုချင်ဘဲ မနေဘူး။ လိုချင်ပါတယ်။ ဒါပေမယ့် ကျမမှာ အချိန်မရှိတဲ့အတွက်ကြောင့် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရမယ်။ အဲ့တော့ Customer တွေ အကုန်လုံးကို တောင်းပန်ပါတယ်။ ဘိုကင်ချိတ်လို့ မရရင် စိတ်မဆိုးပါနဲ့။ အခု စိတ်ဆိုးတဲ့သူတွေ အများကြီးပါ” လို့ ဒေါ်ကျင်ပို့က ပြောပါတယ်။


ဒေါ်ကျင်ပို့ကတော့ Fancy House Salon ကို ၂၀၀၄ ခုနှစ်မှာ လူ ၇ ယောက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး Fancy House Academy ကိုတော့ ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်ကာ၂၀၁၁ မှာတော့ Fancy House Spa အဆင့်မြှင့်တင်ကာ ဝန်ထမ်းပေါင်း ၈၀ ကျော်ဖြင့် ရပ်တည်လာခဲ့တာ ၁၆ နှစ်တာ ကာလရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်ကျင်ပို့အနေနဲ့လည်း မိုနာလီဇာမှ အစပြု၍ အလှပြုပြင်ရေးလောကမှာ ရပ်တည်လာခဲ့တာ နှစ်ပေါင်း ၄၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading