ရည်းစားဟောင်းဖြစ်သူမှ သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) နဲ့ တရားစွဲဆိုထားတဲ့ အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးသွားမယ်လို့ ရန်ကင်းမြို့နယ် တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက မီဒီယာတွေကို ပြောပါတယ်။
“ဒီနေ့ ရုံးချိန်မှာတော့ မူခင်းစီမံခန့်ခွဲမှု အစည်းအဝေး လုပ်ခဲ့ပါတယ်။ ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပြီးတော့ ရက်ပေါင်း ၁၈၀ အတွင်းအပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အမှုကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပြီးတော့ ပြီးဆုံးမယ့်နေ့ကိုတော့ ဧပြီလ၊၂၂ ရက်နေ့လို့ သတ်မှတ်ထားပါတယ်”
“စွပ်စွဲခံရသူအတွက် တရားလွှတ်တော် ရှေနေ့ ဒေါ်ခင်နုသာနဲ့ ဦးဝင်းမင်လွင်တို့က လိုက်ပါဆောင်ရွက်ဖို့ကိုယ်စားလှယ်စာ တင်ပြထားပါတယ်။ ကျနော်တို့ တရားရုံးတွေမှာ တရားစီရင်တာ နှစ်ပိုင်းပဲ ရှိတယ်။ ပြစ်မှုထင်ရှားရင် ပြစ်ဒဏ် စီရင်မယ်။ ပြစ်မှု မထင်ရှားရင် တရားခံကို လွှတ်မယ်။ အဲ့ဒီ နှစ်ပိုင်းပဲ ရှိပါတယ်”လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
ယနေ့ ရုံးချိန်းကိုတော့ သရုပ်ဆောင် မိုးအောင်ရင်က သူ့ရဲ့ လုံခြုံရေးအနေနဲ့ ဘေးကနေ စောင့်ကြပ်ပေးသူများနဲ့အတူ တက်ရောက်လာခဲ့ပြီး အဲဒီအပေါ်ကိုလည်း တရားရုံးပြန်ကြားရေး အရာရှိက အခုလိုပဲ ဆိုပါတယ်။
“အနုပညာရှင်မှ မဟုတ်ပါဘူး၊ ပြည်သူတွေလည်း သူတို့ ခေါ်လာတဲ့ လုံခြုံရေးကို ကျနော်တို့ ကန့်ကွက်ပိုင်ခွင့် မရှိပါဘူး။ နောက်တခုက ရုံးခန်းထဲကို ဝင်ခွင့်ပေးတယ်ဆိုတာ တရားခွင်တွေက ကျဉ်းပါတယ်။ ကျဉ်းတဲ့အတွက် သတင်းထောက်တွေကို ကျနော်တို့က ၅ ယောက်ကို ဝင်ခွင့်ပေးပါတယ်။ ဝင်ခွင့်မရတဲ့ သူတွေကလည်း အပြင်ကနေ နားထောင်ခွင့် ရှိပါတယ်”လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်း မခင်မြတ်နိုးက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ ကျပ်သိန်း ၁၀၀ နဲ့ အာမခံရယူခဲ့တာ ဖြစ်ပါတယ်။
မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ (၄၁၇) ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။
You may also like these stories:
ဝေဖန်တာတွေကို ဂရုမစိုက်ဘဲ မှန်တဲ့အတိုင်း ဆက်လုပ်သွားမယ့် မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း
“နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေကို မိုးအောင်ရင် မလွန်ဆန်နိုင်ခဲ့ဘူး”လို့ ခင်မြတ်နိုး ပြော