အမှုရင်ဆိုင် ဖြေရှင်းနေရတာ အချိန်၂ နှစ်နီးပါးရှိပြီဖြစ်ပြီး မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆို ခံထားရတဲ့ အဆိုတော် အစ္စဏီကို ယနေ့၊ ဇန်နဝါရီလ ၇ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။
အစ္စဏီကိုတော့ တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က ပြီးခဲ့တဲ့ သြဂုတ်လက ကျေအေးပေးခဲ့သော်လည်း အခုလို အမိန့်ချခံရတဲ့အပေါ်မှာ တရားလိုရဲ့ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
“အမိန့်ချလိုက်တာတော့ ဟုတ်တယ်။ ဘယ်အမှုနဲ့ ချတာလဲတော့ မသိဘူး။ သူ့စွဲထားတုန်းကတော့ ၃၇၆၊ ၃၂၃၊ ၃၂၄ ဘာပုဒ်မနဲ့ ချလိုက်လဲတော့ ကျနော်တို့က မသိသေးဘူး။ ပြောရတော့ ခက်နေတယ်။ ကျေအေးတာကို ခွင့်မပြုတဲ့သဘောပေါ့။ ဒါကတော့ တရားရုံးရဲ့လုပ်ပိုင်ခွင့်လေ။ သွားတားလို့တော့ မရဘူး”လို့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီကို ပြောပါတယ်။
အမိန့်ချမှတ်ပြီးဖြစ်ပေမယ့် အယူခံမှာ အောင်မြင်စေချင်လို့ ဆုတောင်းပေးနေတယ်လို့လည်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
“ပြောချင်တာကတော့ တရားလိုကလည်း ရုတ်သိမ်းတယ်ဆိုတော့ သက်သက်သာသာလေး ဖြစ်စေချင်တာပေါ့။ သူ့အမေကြီးကလည်း ကျန်းမာရေး မကောင်းဘူး။ သားရဲ့သီချင်းဆိုလို့ရတဲ့ ဝင်ငွေလေးအပေါ်မှာ အမှီသဟဲ ပြုနေရတာ။ အခုလိုဖြစ်သွားတာ ကျနော်တို့လည်း စိတ်မကောင်းပါဘူး။ အယူခံမှာတော့ အောင်မြင်စေချင်ပါတယ်လို့ ဆုတောင်းတယ်”လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
အဆိုတော် အစ္စဏီကိုတော့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက်က တာမွေမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် ၂၀၁၈ ခုနှစ် ဧပြီလက စတင် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
အသက်ရှုရခက်ပြီး မောလာတာကြောင့် စစ်ဆေးမှုကို ရပ်နားခဲ့ရတဲ့ အစ္စဏီရဲ့ အမှု
ရုတ်သိမ်းလွှာ တင်ပြီးပေမယ့် အစ္စဏီရဲ့ အာမခံ တင်ပြမှုကို တရားရုံးက လက်မခံ
“အစ္စဏီအမှု ရုတ်သိမ်းခွင့်နဲ့ ညီညွှတ်ရင် အမှုပြီးဆုံးကာ လွတ်မြောက်မှာပါ”လို့ ရှေ့နေ ပြော