Thor မင်းသား Chris Hemsworth ဟာ သူ့ရဲ့ မွေးရပ်နိုင်ငံ သြစတြေးလျမှာ တောက်လောင်နေတဲ့ တောမီးကို ငြှိမ်းသတ် ထိန်းချုပ်ဖို့ လုပ်ဆောင်ရေးနဲ့ တောမီးသင့်ခဲ့သူတွေကို ကူညီဖို့ ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မင်းသားဟာ တောမီးအရေးအတွက် လှူဒါန်းကြဖို့ အကူအညီတွေကိုလည်း ဇန်နဝါရီလ ၇ ရက်နေ့မှာ သူ့ရဲ့ Instagram အကောင့်ကနေတဆင့် တောင်းခံလိုက်ပါတယ်။ သူ့ရဲ့ ညီဖြစ်သူ မင်းသား Liam ကလည်း အလားတူ သတင်းစကားကိုပဲ ပြန်တင်ခဲ့ပါတယ်။
မင်းသား Chris က “ခင်ဗျားတို့ သိကြတဲ့အတိုင်း သြစတြေးလျက တောမီးကြောင့် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါပြီ။ မီးက ဆက်လောင်နေဆဲဖြစ်ပြီး ပူနွေးတဲ့ ရာသီဥတုက လမ်းကြောင်းမှာရှိနေလို့ စိန်ခေါ်မှုများတဲ့ အချိန်တွေနဲ့အတူ တော်တော်လေးကို ခက်ခဲကျပ်တည်းတဲ့ အနေအထားမှာ ရှိနေဆဲပါ” လို့ ပြောဆိုခဲ့ပါတယ်။ မဲလ်ဘုန်းမြို့မှာ မွေးခဲ့တဲ့ မင်းသားက သူနဲ့ သူမိသားစုဟာ ဒေါ်လာ ၁ သန်းလှူဒါန်းမှာဖြစ်တယ်လို့ အဲ့ဒီ ဗီဒီယိုကလစ်မှာ ကြေညာခဲ့ပါတယ်။
ထပ်ပြီး မင်းသားက “ကျနော်တို့ လိုအပ်နေတာကတော့ ခင်ဗျားတို့ရဲ့ အကူအညီနဲ့ လှူဒါန်းမှုတွေ ဖြစ်ပါတယ်။ ကျနော်တို့က ဒေါ်လာ ၁ သန်း ရှေ့ဆောင်လှူဒါန်းပါမယ်။ ခင်ဗျားတို့တွေ အားလုံးလည်း ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် မျှဝေလှူဒါန်းကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ လှူဒါန်းတဲ့ငွေတိုင်းကို ရေတွက်မှာပါ။ အဲ့ဒီ ငွေတွေဟာ မီးသတ်သမားတွေ၊ ရှေ့တန်းမှာရှိနေသူတွေ၊ မီးဘေးခံစားခဲ့ရသူတွေ၊ ကျနော်တို့ အကူအညီတွေကို သေချာပေါက် လိုအပ်နေတဲ့သူတွေ၊ ထိခိုက်ခံခဲ့ရတဲ့ အသိုင်းအဝန်းတွေဆီ တိုက်ရိုက်ရောက် သွားမှာပါ”လို့ ဆိုပါတယ်။
မင်းသား Chris ဟာ သြစတေးလျမှာ ဖြစ်နေတဲ့ ကိစ္စကိုဖြေရှင်းရေးအတွက် လုပ်ဆောင်နေသူတွေနဲ့ အကူအညီပေးရေးအတွက် ကိုယ်ပိုင်ပိုက်ဆံတွေကို နှိုက်နှိုက်ချွတ်ချွတ် ထုတ်သုံးကြမယ့် အဖွဲ့ထဲကိုလည်း ဝင်ခဲ့ပါတယ်။
သြစတြေးလျအဆိုတော် Kylie Minogue နဲ့ သူ့မိသားစုကလည်း ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့ပြီး အဆိုတော် Elton John ကလည်း ဒေါ်လာ ၁ သန်း လှူဒါန်းမယ့်အကြောင်း ဇန်နဝါရီလ ၇ ရက်နေ့မှာ ပြုလုပ်နေတဲ့ သူ့ရဲ့ ဖျော်ဖြေပွဲအတွင်းမှာ ကြေညာခဲ့ပါတယ်။
ကိုရီးယားနွယ်ဖွားအမေရိကန်နိုင်ငံသား အဆိုတော် Jay Park ကလည်း သြစတြေးလျမီးဘေးအတွက် လှူဒါန်းခဲ့ပါတယ်။ ဒေါ်လာ ၃ သောင်းကို လှူဒါန်းလိုက်တဲ့အကြောင်းနဲ့ တစုံတခုကို ကူညီပေးနိုင်ပါစေလို့ မျှော်လင့်တဲ့အကြောင်း ဇန်နဝါရီလ ၅ ရက်နေ့မှာ Twitter ကနေ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ရွှေကမ္ဘာလုံးဆုပေးပွဲမှာလည်း Ellen DeGeneres နဲ့ မင်းသမီး Cate Blanchett တို့လိုမျိုး နာမည်ကျော်ကြားသူတွေက မီးဘေးသင့်ခဲ့သူတွေအတွက် ထောက်ပံ့ပေးကြဖို့ ဆော်သြခဲ့ကြပါတယ်။
သြစတြေးလျနိုင်ငံ အရှေ့ဘက်အခြမ်းမှာ သီတင်းပတ်နဲ့ ချီပြီးလောင်ကျွမ်းနေတဲ့ တောမီးကြောင့် လူ ၂၅ ဦးနဲ့ သန်းနဲ့ချီတဲ့ တိရိစ္ဆာန်တွေ သေဆုံးခဲ့ရပါတယ်။ အိမ်ခြေ ထောင်သောင်းချီပြီး ပျက်စီးခဲ့ရပါတယ်။
Ref: CNA