ငွေကြေးလိမ်လည်မှုဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် မေသန်းနုကိုတော့ အများထင်နေတဲ့ ငွေကျပ်သိန်း ၁၂၀၀ ကြောင့် ပြစ်ဒဏ် ချမှတ်တာ မဟုတ်ကြောင်း ရန်ကင်းမြို့နယ် တရားရုံး ပြန်ကြားရေး အရာရှိ၊ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
“တိုက်ခန်းတန်ဖိုးက သိန်း ၁၂၀၀ ပေါ့နော်။ စရံငွေက သိန်း ၄၀၀ ပဲ ယူထားတာပေါ့။ သိန်း ၄၀၀ အတွက်ကိုပဲ တရားလိုက တရားစွဲထားတာ ဖြစ်ပါတယ်။ သိန်း ၁၂၀၀ မဟုတ်ပါဘူး။ ဒီငွေပမာဏကြောင့် ဒီအပြစ်ပေးတာ မဟုတ်ဘူး”
“ကျနော်တို့က တရားခံတယောက်ကို အပြစ်ပေးတဲ့အခါမှာ သူ့ရဲ့နောက်ခံ ရာဇဝင်တွေ အရင်တုန်းက ပြစ်မှုကျူးလွန်ဖူးတာ ရှိ၊ မရှိ ၊ သူ့ရဲ့အကျင့်စာရိတ္တ၊ သူ့ရဲ့အသက်အရွယ်၊ အစစအကုန်လုံး ထည့်သွင်း ချင့်ချိန်စဉ်းစားပြီးတော့မှ ပြစ်ဒဏ်တခုကို သတ်မှတ်ရခြင်း ဖြစ်ပါတယ်”လို့ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
မေသန်းနုကိုတော့ ငွေကျပ်သိန်း ၄၀၀ အတွက် တရားလိုဖြစ်သူက တရားစွဲဆိုထားတာဖြစ်ပြီး သိန်း ၁၂၀၀ ဆိုတာကတော့ တိုက်ခန်းရဲ့တန်ဖိုးဖြစ်တယ်လို့ သိရပါတယ်။
“ဒီအမှုမှာ ၂ ဖက် သက်သေ ၁၃ ဦးကို စစ်ဆေးပြီးတဲ့အချိန်မှာ ပြစ်မှုထင်ရှားတဲ့အတွက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အယူခံ ဝင်ရောက်ခြင်း၊ မဝင်ရောက်ခြင်းကတော့ ကာယကံရှင်တွေရဲ့ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ရုံးအနေနဲ့ မသိရှိပါဘူး”လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

အမှုကိုတော့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က ၂၀၁၆ ခုနှစ်မှ စတင်ကာ တရားစွဲဆိုထားတာဖြစ်ပြီး အပြီးသတ်အမိန့်ကိုတော့ ၃ နှစ်အကြာ ၂၀၂၀၊ ဇန်နဝါရီ ၂ ရက်နေ့က ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
“အမှုစဖြစ်တာက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာဖြစ်တာ။ အမှုကတော့ ရန်ကင်းမြို့နယ် တရားရုံး ရာဇသတ်ကြီးပုဒ်မ ၂၈၂ အမှု ဖြစ်ပါတယ်။ အဲ့အမှုမှာ တရားလို ဒေါ်စန်းစန်းမြင့်က မေသန်းနုအပေါ်မှာ တိုက်ခန်းစရံငွေ သိန်း ၄၀၀ လိမ်လည်ရယူသွားတယ်ဆိုပြီး တိုင်တန်းခဲ့ရာမှ ပေါ်ပေါက်လာတဲ့အမှု ဖြစ်ပါတယ်”လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
မေသန်းနုကတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာလည်း အမှုရင်ဆိုင်နေတဲ့အကြောင်းကို အမှုတွဲမှာ ပါရှိတာကြောင့် ဦးထွန်းနိုင်ဝင်းက ပြောပြခဲ့ပါတယ်။
“သူက သိန်း ၄၀၀ အတွက် အရှေ့ပိုင်း ခရိုင်ရုံးမှာလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အမှုတွဲမှာတင်ပြချက်အရပေါ့နော်။ သိန်း ၄၀၀ အတွက်ကိုလည်း သူက အရှေ့ပိုင်းခရိုင်ရုံးကနေ သိန်း ၃၅၀ ဒီဂရီ ချထားပြီးသားပေါ့။ ဒီချထားပြီးသားကို သူဆပ်နေတယ်လို့လည်း ပြောပါတယ်”လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
အခုလို ပြစ်ဒဏ် ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်ကလည်း အတတ်နိုင်ဆုံး ကြိုးစားပေးနေပြီး အနုပညာ အသိုင်းအဝိုင်းကလည်း မေသန်းနုအတွက် စိတ်မကောင်းဖြစ်နေပါတယ်။
You may also like these stories:
အကယ်ဒမီမေသန်းနု လိမ်လည်မှုဖြင့် ထောင်ဒဏ် ၁နှစ်ကျခံရ
“တိမ်တွေပေါ်ကပန်း”ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ စင်ရော်မောင်မောင်တို့ သားအဖ
ဖခင်ထံကနေ အမွေအကုန်လုံး ရခဲ့တဲ့ မင်းသန့်မောင်မောင်အကြောင်း ပြောပြတဲ့ မေသန်းနု