“Forrest Gump” ရုပ်ရှင်ကနေ “A Beautiful Day in the Neighborhood” ရုပ်ရှင်အထိ မင်းသားကြီး Tom Hanks ဟာ သူပါဝင်ထားတဲ့ ရုပ်ရှင်တခုချင်းဆီမှာ ထူးခြားပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းကို ချပြတင်ဆက် နိုင်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာတော့ မင်းသားကြီးဟာ Cecil B. deMille ဆုကို လက်ခံရယူခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကမ္ဘာကျော်ရုပ်ရှင်တခုဖြစ်တဲ့ “Cast Away” မှာ ကမ္ဘာကြီးဟာ ထူးချွန်ထက်မြက်တဲ့ ရုပ်ရှင်သရုပ်ဆောင်တယောက်ကို ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ရတယ်ဆိုတာ လူသိနည်းခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ လွတ်မြောက်မှုဒရာမာ ရုပ်ရှင်ထဲမှာ Chuck Noland အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကြီးဟာ အဲ့ဒီရုပ်ရှင်ထဲက ကျွန်းတခုပေါ်မှာ တကိုယ်တည်းဖြတ်သန်းရမယ့် အမျိုးသားဇာတ်ကောင် အတွက် ပေါင် ၅၀ လောက်ချခဲ့ရပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ သူဟာ ရိုက်ကူးရေးလုပ်နေစဉ် အတွင်းမှာ အလွန်ပြင်းထန်တဲ့ ခြေထောက်ဒဏ်ရာကိုလည်း ရရှိခဲ့တယ်လို့ ၂၀၀၉ ခုနှစ်က BBC ရဲ့ Radio 1 နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ဖူးပါတယ်။
မင်းသားကြီးက “Cast Away ကြောင့် ကျနော် ဆေးရုံရောက်ခဲ့တယ်။ ကျနော် အဲ့ဒီမှာ ၃ ရက်လောက်ကြာခဲ့တယ်။ ယုံချင်ယုံ မယုံချင်နေဗျာ။ ကျနော် သေလုမျောပါးဖြစ်ခဲ့ရတယ်။ ဒဏ်ရာကနေ ပိုးဝင်ခဲ့ပြီး ကျနော့်ခြေထောက်ကနေ တဖြည်းဖြည်းချင်း လှိုက်စားခဲ့တယ်။ ကျနော်မသိခဲ့ဘူး။ ကျနော်က ရောင်ရမ်းတာပဲ ထင်ခဲ့တာ” လို့ ပြောဆိုခဲ့ပါတယ်။
Mayo Clinic ဆေးခန်းရဲ့အဆိုအရ အဲ့ဒီလို ဘတ်တီးရီးယား ပိုးဝင်တဲ့ ရောဂါဖြစ်ရာမှာ ဘတ်တီးရီးယားပိုးဟာ သွေးကြော၊ အဆစ်၊ အရိုး၊ အဆုတ်နဲ့ နှလုံးထဲ အထိ ရောက်သွားမယ်ဆိုရင် သေတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။
ကံကောင်းချင်တော့ ဆရာဝန်တွေဟာ မင်းသားကြီးကို အလျင်အမြန်ကုသပေးနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် မင်းသားကြီး ကတော့ အဲ့ဒီအခြေအနေဟာ သူ့အတွက်တော့ သေမင်းခံတွင်း၀ လမ်းလျှောက်ရသလိုပဲ လို့ ဆိုပါတယ်။ မင်းသားကြီးက “ကျနော် ဆရာဝန်ဆီသွားပြခဲ့ပြီး သူက တချက်ကြည့်တယ်။ ပြီးတော့ ခင်ဗျားကို ဆေးရုံတင်မယ်။ သွေးထဲမှာ အဆိပ်ဖြစ်ပြီး ခင်ဗျားမသေခင် ပိုးဝင်မှုကနေ ခင်ဗျားကို ကယ်ထုတ်မယ်လို့ ပြောတယ်” လို့ဆိုပါတယ်။
အဆုံးသတ်မှာတော့ မင်းသားကြီးဟာ တော်တော်လေး သက်သာလာခဲ့ပြီး ရုပ်ရှင်ကလည်း တော်တော်လေးကို အောင်မြင်မှုရခဲ့ပါတယ်။ ရုံဝင်ငွေ စာရင်းပိတ်တဲ့အချိန်မှာတော့ “Cast Away” ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၄၂၉ သန်းရရှိခဲ့ပါတယ်။ မင်းသားကြီးဟာ အဲ့ဒီရုပ်ရှင်နဲ့ပဲ ရွှေကမ္ဘာလုံးဆုရရှိခဲ့ပြီး အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။
Ref:Men’sHealth
You may also like these stories:
ဂုဏ်ထူးဆောင် ဂရိနိုင်ငံသား ဖြစ်လာခဲ့တဲ့ မင်းသားကြီး Tom Hanks
၂၀၂၀ ခုနှစ် အော်စကာဆုပေးပွဲအတွက် ခန့်မှန်းအမျိုးသားဇာတ်ပို့ဆုစာရင်း ထွက်ပေါ်
ကျေးဇူးတော်နေ့ အားလပ်ရက်မှာ ရုံဝင်ငွေ စံချိန်တင်ခဲ့တဲ့ “Frozen II” ရုပ်ရှင်