၂၀၂၀ ပြည့်နှစ်အတွက် အော်စကာဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီလထဲမှာ ကျင်းပတော့မှာဖြစ်ပေမယ့် အစီအစဉ်တင်ဆက်သူ ပါဝင်လာမှာမဟုတ်ဘူးလို့ ABC Television Entertainment ကနေ ဇန်နဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ABC Entertainment ဥက္ကဋ္ဌ Karey Burke က “အခုအဲ့ဒါကို အတည်ပြုပါရစေ။ ဒီနှစ်မှာလည်း အစဉ်အလာအရ ပါဝင် နေကျ အစီအစဉ်တင်ဆက်သူ ရှိမှာမဟုတ်ဘူးလို့ ရုပ်ရှင်အကယ်ဒမီအဖွဲ့နဲ့အတူ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ အော်စကာဆုပေးပွဲကတော့ နှစ်ပေါင်း ၃၀ အတွင်း အစီအစဉ်တင်ဆက်သူမရှိတဲ့ ပထမဆုံး ဆုပေးပွဲ ဖြစ်ခဲ့ရပေမယ့် ဆုပေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု လူကြည့်နှုန်း ၄နှစ်ဆက်တိုက် ကျဆင်းနေမှုကို ချိုးဖျက်နိုင်ခဲ့ပြီး အမေရိကန်နိုင်ငံသား ၂၉ ဒဿမ ၆ သန်းအထိ ကြည့်ရှုခဲ့ကြပါတယ်။
ဥက္ကဋ္ဌ Burke က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့ရုပ်ရှင်လောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူမထားဖို့ ဆုံးဖြတ်ချက်ချလိုက်တာဟာ ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲအပေါ် အကောင်းမြင်မှတ်ချက်တွေ ရခဲ့တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ “Bohemian Rhapsody” ရုပ်ရှင်အောင်မြင်မှုကို အသိအမှတ် ပြုတဲ့အနေနဲ့ ရော့ခ်တီးဝိုင်း Queen နဲ့ဆုပေးပွဲကို စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ပွဲစီစဉ်သူတွေက မနှစ်ကလိုပဲ ဖျော်ဖြေမှုတန်ဖိုးကြီးကြီး၊ တေးသံစုံအရေအတွက်များများ၊ ဟာသရွှင်ရွှင်နဲ့ အလုပ်တွေကို ထပ်မံလုပ်ဆောင်ဖို့ စီစဉ်ထားတဲ့အကြောင်းလည်း ဥက္ကဋ္ဌက ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ အော်စကာဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းတွေကို လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။
အခုလိုမျိုးဆုပေးပွဲကြီးအတွက် အစီအစဉ်တင်ဆက်သူတယောက်ကို ရှာဖွေရတာဟာ မကြာသေးမီနှစ်တွေ အတွက်မှာ တော်တော်လေးကို ခက်ခဲလာခဲ့တာပါ။
ဟာသသရုပ်ဆောင် Kevin Hart ဟာ အရင်တုန်းက ပေးခဲ့ဖူးတဲ့ လိင်တူချစ်သူမုန်းတီးမှု မှတ်ချက်အတွက် ဆိုရှယ်မီဒီယာ ပေါ်မှာ ဝေဖန်မှုတွေ ခံခဲ့ရပြီးတဲ့နောက် ၂၀၁၉ ခုနှစ် အော်စကာဆုပေးပွဲ အစီအစဉ်တင်ဆက်သူ အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒီနောက် သူကတောင်းပန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ပါဝင်ခဲ့တဲ့ Ricky Gervais အပါအဝင် တခြားဟာသပညာရှင်တွေဟာလည်း သူတို့ ပြောကြားတဲ့ ဟာသပြက်လုံးတွေက ကြမ်းတမ်းလွန်းပြီးနိုင်ငံရေးဆန်လွန်းတယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
Cast Away ရိုက်ကူးနေစဉ် သေလုမျောပါးဖြစ်ခဲ့ရတယ်လို့ မင်းသားကြီး Tom Hanks ပြော
အိန္ဒိယသမ္မတချီးမြှင့်တဲ့ Dadasaheb Phalke ဆုကို လက်ခံရယူခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း
နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုအတွက် အော်စကာ ပဏာမ ဆန်ခါတင် စာရင်းဝင်တဲ့ “Parasite” ရုပ်ရှင်