မင်းသား လီယိုနာဒို ဒီကာပရီယိုရဲ့ ပတ်ဝန်းကျင်ရေးရာ အဖွဲ့အစည်းဖြစ်တဲ့ Earth Alliance က သြစတြေးလျနိုင်ငံမှာ တောမီးဘေး ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှုတွေကို ကူညီဖို့ ဒေါ်လာ ၃ သန်း လှူဒါန်းလိုက်ပါတယ်။
သြစတြေးလျ တောရိုင်းတိရိစ္ဆာန် ရန်ပုံငွေအဖွဲ့ထံ နိုင်ငံအတွင်း လက်ရှိမှာ ဖြစ်ပွားနေတဲ့ ဖျက်အားပြင်း တောမီးဘေးကို နိုင်ငံတကာ အနေအထားနဲ့ တုံ့ပြန်ရာမှာ ကူညီဖို့ စတင်မှာဖြစ်တဲ့အကြောင်း ဖောင်ဒေးရှင်းက ဇန်နဝါရီလ ၉ ရက်နေ့မှာပဲ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီတောမီးဟာ အမေရိကန်နိုင်ငံရဲ့ မယ်ရီလန်းပြည်နယ်ရဲ့ ၂ ဆ ပမာဏရှိတဲ့ ဒေသကို လောင်ကျွမ်းစေခဲ့ပြီး လူပေါင်း အနည်းဆုံး ၂၅ ဦးသေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အိမ်ပေါင်း ၂၀၀၀ ခန့်ဟာလည်း မီးထဲပါသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ်မှာ သြစတြေးလျရဲ့ အပူဆုံးနဲ့ အခြောက်သွေ့ဆုံး စံချိန်နဲ့အတူ မိုးခေါင်ရေရှားမှုတွေကြောင့် အရှိန်မြင့်ခဲ့ရတဲ့ တောမီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကတည်းကစလို့ လောင်ကျွမ်းဖို့ အရှိန်စယူ နေခဲ့တာ ဖြစ်ပါတယ်။
အော်စကာဆုရမင်းသား လီယိုနာဒိုဟာ အဲ့ဒီ Earth Alliance အဖွဲ့မှာ ပရဟိတသမားတွေဖြစ်တဲ့ Laurene Powell Jobs ၊ Brian Sheth တို့နဲ့အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ ဂေဟစနစ် ဆုံးရှုံးမှုကို တိုက်ဖျက်ဖို့ အဲ့ဒီအဖွဲ့ကြီးကို ပြီးခဲ့တဲ့နှစ်က စတင်ထူထောင်ထားတာ ဖြစ်ပါတယ်။
အခုလှူဒါန်းလိုက်တဲ့ ရန်ပုံငွေတွေကို Aussie Ark, Bush Heritage နဲ့ Wires Wildlife Rescue တို့လိုမျိုး ဒေသဆိုင်ရာ သြစတြေးလျ မိတ်ဆက်အဖွဲ့အစည်းတွေနဲ့အတူ အသုံးချဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အခု တောမီးလောင်ကျွမ်းမှုအတွက် လှူဒါန်းကြတဲ့နေရာမှာ မင်းသား လီယိုနာဒိုဟာ တခြားနာမည်ကျော်ကြားသူတွေနဲ့အတူ ပူးပေါင်းပါဝင်လာတာလည်း ဖြစ်ပါတယ်။ သြစတြေးလျမင်းသား Chris Hemsworth နဲ့ အဆိုတော် Elton John တို့ကလည်း အခုသီတင်းပတ်အစောပိုင်းမှာ ဒေါ်လာ ၁ သန်းစီ လှူဒါန်းကြမယ်လို့ ဆိုရှယ် မီဒီယာတွေကနေတဆင့် ကြေညာထားပြီး ဖြစ်ပါတယ်။
မင်းသမီး Nicole Kidman ၊ အဆိုတော် Pink နဲ့ အဆိုတော် Keith Urban တို့ဟာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ Metallica အဖွဲ့ကလည်း ဗစ်တိုးရီးယားပြည်နယ်မှရှိတဲ့ မီးသတ်အေဂျင်စီနဲ့ အရေးပေါ်အဖွဲ့တွေထဲ ဒေါ်လာ ၇ သိန်းခွဲ လှူဒါန်းမယ်လို့ ပြောဆိုထားပါတယ်။
မင်းသမီး Phoebe Waller-Bridge ကလည်း သူရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို လေလံပစ်ပြီး ရရှိလာတဲ့ ငွေတွေကို မီးဘေးအတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref: asiaone
You may also like these stories:
သြစတြေးလျ တောမီးဘေးကို ကူညီဖို့ မင်းသား Chris Hemsworth ဒေါ်လာ ၁ သန်း မတည်လှူဒါန်း
အမေဇုန်တောမီးထက် ၅ဆ ပိုပြင်းထန်တယ်လို့ ဖော်ပြခြင်းခံရတဲ့ သြစတြေးလျတောမီး
သြစတြေးလျ တောမီးအတွက် ဝတ်လစ်စလစ်ပုံများကို ရောင်းချကာ ရန်ပုံငွေရှာခဲ့တဲ့ မော်ဒယ်